၇.၉.၂၀၂၃
Written By Thandar

လွမ်းလွမ်းဆွေးဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ရင်ကိုဖမ်းစားနေခဲ့တဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်းက “အသည်းကွဲ ရက် ရာဇာ” Music Video သီချင်းသစ်လေးကို အခုရက်ပိုင်းမှာ ပရိသတ်ဆီ အရောက်ပို့ပေးမယ်လို့ ဆိုပါတယ်။

“ဝိုင်းစု သီချင်းတွေ မထွက်ဖြစ်တာကြာပြီဆိုတော့ ရင်ခုန်ပါတယ်။ ပရိသတ်တွေ ကြိုက်ကြမယ်လို့လည်း ဝိုင်းစု မျှော်လင့်ထားပါတယ်။ ဝိုင်းစုရဲ့ သီချင်းလေးက အလွမ်းအဆွေးသီချင်းလေး ထွက်လာမှာပါ။ အသည်းကွဲတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်အချစ်နဲ့ မထိုက်တန်တဲ့သူက ကိုယ့်အနားက ထွက်ခွာသွားခြင်းကတော့ ကောင်းခြင်းတစ်ခုပါပဲ။ ဒါပေမယ့် အရမ်းချစ်ရတဲ့ လူတွေအတွက် ခွဲခွာခြင်းဆိုတာကတော့ အသည်းကွဲရက်ရာဇာလေးပေါ့။ ဒီသီချင်းလေးကို ပရိသတ်အားလုံးလည်း ကြိုက်ကြမယ် ထင်ပါတယ်”လို့ တေးသံရှင် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

အဆိုပါ တေးသီချင်းကို တေးရေး အလင်း ရေးသားဖော်ကျူးပေးထားပြီး အလွမ်းအဆွေးရသလေးကို ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ “အသည်းကွဲရက်ရာဇာ” Music Video ကို ဒါရိုက်တာ ပြည်ငြိမ်းမောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်နဲ့ ဝိုင်းစုခိုင်သိန်းတို့နဲ့ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။

သူမကတော့ မက်လောက်စရာ၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ငွေသုန္ဒရီ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော် ၇ ခွေကို ထွက်ရှိထားပြီးတော့ City FM ဂီတဖျော်ဖြေပွဲက ပေးအပ်ထားတဲ့ ဆုပေါင်း ၇ ဆုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အနုပညာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ၁၀ နှစ်ကျော်လောက် နားထားပြီး မကြာခင်က သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းနဲ့အတူ ဇာတ်ကားတစ်ကားကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းက အချစ်ဆုံးတွေအတွက် Surprise အစီအစဉ်အနေနဲ့ သူမနဲ့အတူ ညစာစားရမယ့် အထူးအခွင့်အရေးအစီအစဉ်ကို လုပ်ဆောင်ထားပါတယ်။ ကံထူးခွင့်အတွက် Wyne Su Khine THEIN official page (Profile) ဆင်တူတင်ထားခြင်း၊ အသည်းကွဲရက်ရာဇာ Teaser video post ကိုလည်း public နဲ့ #wynesukhinethein #အသည်းကွဲရက်ရာဇာဆိုပြီး share ထားခြင်း၊ Share ထားတဲ့ screenshot လေးတွေကို သူမရဲ့ Post မှာ လာမန့်ပေးရမယ်လို့ဆိုပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ပရိသတ်ကံထူးရှင် ၅ ဦးကို တစ်ပတ်အတွင်းရွေးချယ်သွားပြီး ဝိုင်းစုခိုင်သိန်းနဲ့အတူ ညစာစားခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *