ရပ်ကွက်ဈေး မြင်ကွင်း
၆.၉.၂၀၂၃
Written by Hey Mahn
ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ ဈေးကွက်တွေနဲ့ အလှမ်းဝေးလာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့သာနီးစပ်တဲ့ အခြေခံလူတန်းစားတွေ အများဆုံးကျင်လည်ရာ ရပ်ကွက်ဈေးတွေမှာ ဆန်၊ ဆီ ဈေးနှုန်းတွေက တစ်နေ့တာရရှိတဲ့လုပ်အားခရဲ့ နှုန်းထားတွေထက် သုံးပုံတစ်ပုံခန့် ကျော်လွန်နေတဲ့အခြေအနေတွေကြောင့် တစ်လထက် တစ်လ ခက်ခဲကျပ်တည်းမှုတွေ ပိုမိုရင်ဆိုင်ရနေတယ်လို့ ဆင်ခြေဖုံးရပ်ကွက်အတွင်းက အိမ်ရှင်မတွေ အိမ်ထောင်ဦးစီးတွေနဲ့ MTN Agency က တွေ့ဆုံမေးမြန်းမှုတွေအရ သိရပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အရည်အသွေးကောင်းမွန်တဲ့ စားသောက်ကုန်တွေနဲ့ လက်လှမ်းမမှီတော့တာ၊ ဆန်ကို အရင်က ဆန်ချော၊ ဆန်ကြမ်းရောနှောစားရာကနေ ဆန်ကြမ်းသာ စားနိုင်တော့တာ၊ ဈေးသက်သာတဲ့ ဆီကို စားနိုင်ဖို့ ဆီအသင်းအရောင်းဆိုင်တွေမှာ တန်းစီတိုးကြိတ်ဝယ်ယူရတာ စသဖြင့် စားသောက်ဖို့ရှာဖွေရတာတွေအပြင် အခုလို လွယ်လင့် တကူဝယ်ယူမရတဲ့ အခက်အခဲတွေပါ ထပ်မံရင်ဆိုင်လာကြရတာပါ။
သားငါးတွေရဲ့ ဈေးနှုန်းမြင့်တက်နေပေမယ့် အခြေခံစားကုန်ဖြစ်တဲ့ ဆန်နဲ့ဆီလောက် သိသိသာသာဈေးနှုန်းကြီးမြင့်တာမျိုး မဟုတ်ဘဲ၊ အခြေခံလူတန်းစားတွေ သုံးစွဲနိုင်တဲ့ တစ်နေ့တာ စားသောက်စရိတ် ကျပ်ငါးထောင်က ဆီနဲ့ ဆန်မှာတင် ကုန်အောင်သုံးစွဲလိုက်ရတဲ့အခါ ဟင်းစားစရိတ် မသုံးနိုင်တော့တာပါ။
“ဆန်က သက်ဆိုင်ရာက ဧည့်မထ ၂၅၀၀ ကျပ်နဲ့ ရောင်းပေးမယ်လို့ကြားလို့ ဆန်ဆိုင်တွေ မေးဝယ်ပေမယ့် မရပါဘူး။ လိုချင်ရင် ဘုရင့်နောင်သွားတို့ ကုန်စည်ဒိုင်မှာ ရောင်းတယ်တို့ဆိုတော့ ဒီရပ်ကွက်ဈေးပဲ လက်လှမ်းမှီတဲ့ သူတွေက ဘယ်လိုဝယ်စားခွင့်ရတော့မလဲ။ ရပ်ကွက်ထဲ ဆီကတ်၊ ဆန်ကတ်တွေ ဝေတယ်ဆိုလည်း အိမ်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးပဲ ကျန်တာ။ ဘယ်လိုဝယ်ထုတ်ခိုင်းလို့ ရမလဲ။ အရင်က ဈေးဖိုး ၅၀၀၀ ဆိုရင် ဆန်ခြောက်ဗူး၊ ဆီ ၁၅ ကျပ်သားကို ၂၅၀၀ သုံးရင် ရတယ်။ ကျန်တာ ဟင်းစားဝယ်ပေါ့။ အခုကဆန်နဲ့ဆီတင် ငါးထောင်ကျော်လို့ ဟင်းက ပါတစ်လှည့် မပါတစ်လှည့်” လို့ မင်္ဂလာဒုံ ချစ်တီးကုန်းဈေးမှာ ဈေးလာဝယ်တဲ့ ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
လက်လီဈေးကွက်မှာ စားသုံးဆီရောင်းချတဲ့ ဆိုင်တချို့ စားအုန်းဆီကို ဆိုင်ပေါ်တင်ရောင်းချခြင်းမပြုဘဲ စပ်ဆီ၊ ရောနှောဆီတွေသာ ရောင်းချနေကြသလို အစိုးရသတ်မှတ်နှုန်းထားနဲ့ ဈေးကွက်ပေါက်ဈေးကွာဟမှုအခြေအနေတွေကြောင့် ဝယ်ယူလို့မရဘဲ အရောင်းပိတ်ထားရတယ်လို့ အခြေခံလူတန်းစားတွေ အများဆုံးသွားလာဝယ်ယူနေရတဲ့ ရပ်ကွက်ဈေးတချို့ရဲ့ အရောင်းဆိုင်တချို့ကနေ သိရပါတယ်။
အစိုးရသတ်မှတ်ဈေးနှုန်းနဲ့ ပြင်ပပေါက်ဈေးက ၃ ဆလောက်ကွာဟနေပြီး ရည်ညွှန်းသတ်မှတ်ဈေးအတိုင်း လက်လီဈေးကွက်မှာ ရောင်းချနိုင်ဖို့ အခက်အခဲတွေက အဆင့်ဆင့်ပဲလို့ မင်္ဂလာဒုံဈေးမှ ဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
စားအုန်းဆီတော့ ဝယ်ယူလို့မရပေမယ့် စဉ့်အိုးတွေနဲ့ထည့်ပြီး ပဲနှမ်းအရော၊ မြေပဲသန့်၊ အလတ်စ၊ မကွေးဆုံဆီ စသဖြင့် အမည်ပေးကတ်ပြားတွေ ချိတ်ဆွဲထားတဲ့ စားအုန်းဆီကို အခြေခံပြီး ဓာတုဗေဒနည်းအရ ကြည်အောင်၊ မခဲအောင်၊ အနံ့ထည့်ထားတဲ့ ရောနှောဆီတချို့ကတော့ အနိမ့်ဆုံး တစ်ပိဿာကို ၉၈၀၀ ကျပ်နဲ့ ရောင်းချနေပြီး အမြင့်အသန့်ဈေးက ၁၁၈၀၀ ကျပ်နဲ့ ရောင်းချနေတာပါ။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားအုန်းဆီလက်လီဈေးနှုန်းတွေ ကြီးမြင့်နေတဲ့အပေါ် ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနေတာကြောင့် စားသုံးသူပြည်သူတွေအနေနဲ့ လက်လီဈေးကွက်အတွင်း စားသုံးဆီဝယ်ယူရာမှာ ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးတွေနဲ့ ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နဲ့ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားဖို့လည်း လှုံ့ဆော်နေတာတွေ့ရပါတယ်။
စားသုံးဆီတင်သွင်းရာမှာဝယ်ယူကုန်ကျတဲ့ နိုင်ငံခြားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းနဲ့ လည်း ကောင်း ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားနဲ့လည်းကောင်း ပြည်သူတွေဆီ သက်သာတဲ့နှုန်းထားတွေနဲ့ ရောက်ရှိစေဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မြန်မာ့အရေးနဲ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “ ဒီမှာက ပေါ်ပင်တွေ အရမ်းလုပ်ကြတယ်။ ရွှေ၊ အိမ်ခြံမြေ၊ ကား၊ စက်သုံးဆီ၊ ဒေါ်လာ ဒါတွေကပဲ စီးပွားရေးလို့သတ်မှတ်ပြီး ဝင်ကစားနေကြတာ။ တစ်စိုက်မတ်မတ်နဲ့ လုပ်စားတတ်တာလည်းနည်းတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေလည်း စိတ်မဝင်စားဘူး။ ရေတိုနဲ့ အမြတ်လိုချင်ကြတာ။ ဒါမြန်မာလူမျိုးရဲ့ ပုံစံ။ မြန်မာပြည်မှာနိုင်ငံသားခံယူနေထိုင်တဲ့ လူမျိုးခြားသွေးနှောတွေရဲ့ ပုံစံလို့ပြောရင် ပိုမှန်မယ်။ ချမ်းသာတာ ၆၀ ရာခိုင်နှုန်းက သူတို့ပဲ။ အမြတ်ကြီးစားလူတန်းစားတွေမှာ သူတို့ပါတယ်။ ဒါတွေကို စိစစ်ရမယ်။ နိုင်ငံတော်ကလည်း အခွန် အကောက်မရဘူး။ နောက်တစ်ခုက ပြည်သူတွေ ဝင်ငွေတိုးပွားအောင် လုပ်ခလစာနှုန်းထားတွေပြင်သင့်နေပြီ။ မပြင်တာ ငါးနှစ်တောင်ကျော်ပြီ။ အဲဒီလို လစာနှုန်းထားပြင်ဆင်ရင်လည်း ကုန်ဈေးနှုန်းက တက်ဦးမယ်။ ကုန်ဈေးနှုန်းမတက်အောင် အဓိကလုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူဆီက တိုင်ကြားမှ စောင့်ပြီး အရေးယူမနေနဲ့ ကိုယ်တိုင်အသွင်ယူကွင်းဆင်းကြဖို့ အကြံပြုချင်တယ်” လို့ ပြောပါတယ်။
