၆.၉.၂၀၂၃
Written By Thandar

တစ်ခေတ်တစ်ခါက နာမည်ကြီးတေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မြတ်ရွှေတိဂုံ”ကို 3D Animation တွေနဲ့ ဖန်တီးထားတဲ့ Music Video ကို စက်တင်ဘာ ၇ ရက်မှာ ဖြန့်ချိသွားမယ်လို့ တေးဆို ရန်ရှင်းက MTNews ကို ပြောပါတယ်။

“မြတ်ရွှေတိဂုံ တေးသီချင်းကို သီဆိုရတဲ့ရည်ရွယ်ချက်ကတော့ ယနေ့မျက်မှောက်‌ခေတ်လူငယ်တွေ စေတီတော်ရဲ့သမိုင်းလေးတွေ မြင်စေချင်တာကြောင့်ပါ။ မြန်မာသီချင်းတွေကို ကျွန်တော်ကသီဆိုရတာ ကြိုက်နှစ်သက်တာမို့လည်း ဒီသီချင်းကို ဆိုဖြစ်တာပါ။ အခက်အခဲမျိုးစုံနဲ့ ကြိုးစားထားတာတွေ၊ 3D Animation တွေ၊ ရွှေတိဂုံစေတီတော်ရဲ့အဝေးအနီး ဖူးတွေ့မြင်နိုင်တာတွေ ရိုက်ကူးထားပါတယ်။ ဒီသီချင်းကို အကောင်းဆုံးသီဆိုနိုင်အောင် လမ်းပြသင်ကြားပေးခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် မကြီး ယဥ်ဝေယံထွန်းကိုလည်း ဂါရဝပြုပါတယ်။ မနက်ဖြန် သီချင်းလေးထွက်လာရင်လည်း အားပေးကြပါဦး ” လို့ တေးဆို ရန်ရှင်းက ပြောပါတယ်။

ဒီတေးသီချင်းဟာ တေးရေး ပြည်သိမ်းဆွေ ရေးသားဖော်ကျူးထားတဲ့ တေးသီချင်းဖြစ်ပြီး တေးဆို ရန်ရှင်းက သီဆိုကာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှာ Legacy Music , Flow , မြန်မာသံစဥ် Facebook Youtube Channel တွေက တင်ဆက်ပေးမှာဖြစ်ပါတယ်။

“မြတ်ရွှေတိဂုံ” သီချင်းအတွက် အဝတ်အစားအပြင်အဆင်ပိုင်းကို ထက်မြတ်အောင်၊ 3D Animation ကို Tiger နဲ့ တည်း ဖြတ်ပိုင်း ကိုဝဏ္ဏ (Crutch) တို့က တာဝန်ယူဆောင်ရွက်ပေးထားပါတယ်။ ဒါရိုက်တာ အာကာလင်းက တေးသံရှင်၊ သရုပ် ဆောင် ရန်ရှင်းနဲ့အတူ ထက်မြတ်အောင်၊ နေဓန၊ ဆောင်းထိပ်ထား၊ တောက်တဲ့၊ တိုးတက်၊ ဒိုးဝိုင်းတို့နဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ တေးဆိုရန်ရှင်းကတော့ ဓမ္မတေးအမျိုးအစား မြန်မာသီချင်းအပြင် မြန်မာသံတေးသီချင်းတွေ ဆက် လက်ထွက်ရှိဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *