၄. ၉. ၂၀၂၃
Written by Nay Auang

မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများက အာဆီယံရှေ့ဆက်သွားမည့် အစီအစဉ်အမျိုးမျိုးကို အဟန့်အတားဖြစ်နေကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရန်အတွက် ဦးဆောင်ရှာဖွေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက စက်တင်ဘာ ၄ ရက်တွင် စတင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိခဲ့ဘဲ မြန်မာ ထိုင်ခုံအလွတ်ထားခဲ့ကြောင်း အင်ဒိုနီးရှားမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်အရေးကိစ္စအပြင် မြန်မာ့နိုင်ငံရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-04_14-07-13-3-1024x587.jpg

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့ကို စုစည်းညီညွတ်မှုများဖြစ်စေရန် အားသွန်ခွန်စိုက်ကြိုးပမ်းလုပ်ကိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအဖြေမျိုးရအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် အာဆီယံအဖွဲ့ဟာ တောင့်တင်းခိုင်မာမှုအပြည့်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်တယ်”ဟု ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် နစက အကြီးအကဲနှင့်ရရှိထားသောအာဆီယံသဘောတူညီချက်ငါးချက်ကို ပြန်လည်သုံးသပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များအားလုံး စဉ်းစားနိုင်ရန်အတွက် အကြံပြုချက်များကို ကြိုတင်စီစဉ်ထားကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Ref; antaranews

Leave a Reply

Your email address will not be published. Required fields are marked *