၂. ၉. ၂၀၂၃
Written by Naing Thuta

ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာတွင် မိခင်ဖြစ်သူကောက်စိုက်သွားစဥ် ပထွေးဖြစ်သူက အသက်မပြည့်သေးသော မယားပါသမီးကို အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သောကြောင့် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် မိခင်ဖြစ်သူက ရဲစခန်းကိုတိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့မှ အမှုဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁ ရက်) မနက် ၆ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပိတ္တော ကျေးရွာတွင် နေထိုင်ကြသော အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူသည် ကောက်စိုက်သွားနေစဉ် နေအိမ်၌ အသက် ၃၄ နှစ်အရွယ် ပထွေးဖြစ်သူတင်မျိုးထွန်းနှင့် အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူတို့နှစ်ဦးကျန်ရစ်ခဲ့ရာ သမီးဖြစ်သူအား ပထွေးတင်မျိုးထွန်းက သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရွာသူတစ်ဦးက မိခင်ဖြစ်သူကိုပြောပြမှုကြောင့် သိရှိရ၍ အိမ်ပြန်လာကာ သမီးဖြစ်သူအား မေးမြန်းခဲ့ရာ နေအိမ်အိမ်ခန်းအတွင်း၌ နံနက် ၇ နာရီခန့်က ၎င်းအား တစ်ကြိမ်၊ မနက် ၉ နာရီတွင် နောက်ထပ် တစ်ကြိမ်ပြုကျင့်ခဲ့သည့်အပြင် ယခင်နေ့(ဩဂုတ်လ ၃၁ ရက်နေ့)နေ့လည် ၁၂ နာရီကလည်း အမေဖြစ်သူ ကောက်စိုက်သွားနေစဉ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြန်လည်ပြောပြခဲ့သည်ဟု သိရသည်။

ထို့ပြင် ပထွေးဖြစ်သူတင်မျိုးထွန်းသည် သားမယားအဖြစ်ပြုကျင့်ချိန်တွင် ပါးစပ်ကိုလက်ဖြင့်ပိတ်ထားပြီး “အော်ရင်နင့်ကို သတ်ပစ်မယ်။ နင့်အမေကိုပြောရင်လည်း သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သမီးဖြစ်သူမှ ၎င်း၏မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့ကြောင်း မိခင်ဖြစ်သူမှ MT News သတင်းဌာနသို့ပြောပြချက်အရ သိရသည်။

ထို့ကြောင့် အသက်မပြည့်သေးသော သမီးငယ်ဖြစ်သူအား ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယားအဖြစ် အကြိမ်အကြိမ်ပြုကျင့်ခဲ့သည့် ပထွေးတော်စပ်သူတင်မျိုးထွန်းအား ဥပဒေအရ အရေးယူပေးပါရန် မိခင်ဖြစ်သူက ရွှေဘိုမြို့မရဲစခန်းသို့ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အမှုဖွင့်တိုင်တန်းခဲ့သဖြင့် (ပ)၂၇၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ရဲစခန်းအမှုကြီးအမှတ်စဉ်(၅/၂၀၂၃) ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပြီး တရားခံတင်မျိုးထွန်းအား ယင်းနေ့ ညနေ ၆ နာရီ ၄၅ နာရီတွင် ရွှေဘိုမြို့မရဲစခန်းအချုပ်၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News