၂၂. ၈. ၂၀၂၃
Written by Nay Aung
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများအစည်းအဝေး (AFMGM) ကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းမရှိကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒေသအတွင်းနှင့် အပြန်အလှန်မူဝါဒရေးရာဌာန အကြီးအကဲ Yogi Rahmayanti က ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၁၀ ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှလွဲ၍ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းက ” ဒီအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဒုတိယအကြိမ်မြောက်ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကလွဲပြီး အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံက ကိုယ်စားလှယ်တွေတက်ရောက်မှာဖြစ်ပါတယ်။” ဟု သြဂုတ် ၂၁ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် အခက်အခဲများကို ရင်ဆိုင်နေရခြင်းကြောင့် အစည်းအဝေးကို ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးကို တက်ရောက်ခြင်းမျိုး ရှိမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
၎င်းက ” မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ ပဋိပက္ခတွေဖြစ်နေတယ်။ ဒါကြောင့် အစည်းအဝေးကို မတက်ရောက်ခဲ့တာပါ” ဟု ပြောသည်။ အဆိုပါ အစည်းအဝေးကို အာဆီယံအဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်းနေသော အရှေ့တီမောနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကိုလည်း တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
၎င်းက ” အရှေ့တီမောနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့တယ်။ အဲဒီနောက်ပိုင်းတည်းက အာဆီယံအဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်အကြီးအကဲများ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့တယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ အင်ဒိုနီးရှားသမ္မတရဲ့လုပ်ပိုင်ခွင့်အရ ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့တာပါ”ဟု ပြောသည်။
အဆိုပါအစည်းဝေးသည် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
Ref- — merdeka

