၂၂. ၈. ၂၀၂၃
Written by Pan Ei
အရသာရှိတဲ့ ဟော့ပေါ့ကို စားသုံးရတာဟာ အများအားဖြင့် ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပေမဲ့ စားပြီးရင် ဆံပင်တွေ၊ အင်္ကျီတွေမှာ အနံ့စွဲလာတာတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ အဲ့ဒါတွေကို ဖြေရှင်းပေးဖို့အတွက် တရုတ်နိုင်ငံက နာမည်ကြီး ဟော့ပေါ့ စားသောက်ဆိုင် ဆိုင်ခွဲတစ်ခုက ကောင်းမွန်တဲ့ အိုင်ဒီယာတစ်ခုနဲ့အတူ စားသုံးသူတွေကို ဆွဲဆောင်ဖို့ အကြံရရှိခဲ့ပြီး ဟော့ပေါ့စားပြီးရင် ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှု အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဟော့ပေါ့စားသောက်ဆိုင်ဖြစ်တဲ့ HaiDiLao ဟာ ဂျောင်စူးပြည်နယ် ဝူဇီမြို့က သူတို့ဆိုင်ခွဲမှာ ဖောက်သည်တွေကို ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုကို မကြာသေးမီက စတင်ခဲ့ပြီး HaiDiLao ဆိုင်တွေမှာ စားသုံးပြီးတော့ “Lao Coins” လို့ခေါ်တဲ့ အမှတ်တွေကို စုဆောင်းကာ အမှတ် ၂၀၀ ပြည့်ရင် ဆံပင်ညှပ်ဆိုင်မှာလိုမျိုး ခေါင်းလျှော်ပေးတဲ့ အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။

HaiDiLao စားသောက်ဆိုင်မှာ သုံးတဲ့ တစ်ယွမ်တိုင်းဟာ “Lao Coins” တစ်မှတ်နဲ့ ညီမျှတာကြောင့် အဲ့ဒါတွေကို စုဆောင်းဖို့ အလွန်လွယ်ကူပြီး ဖောက်သည်တွေက အမျိုးမျိုးသော ခေါင်းလျှော်ရည်တွေကို ရွေးချယ်နိုင်တဲ့အပြင် ကျွမ်းကျင်တဲ့ အလှအပ ပညာရှင်တွေက သူတို့ရဲ့ ခေါင်းကို လျှော်ပေးနေချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဦးခေါင်းနှိပ်နယ်ပေးတာတွေကိုပါ ခံစားရရှိနိုင်မှာပါ။
အခုလက်ရှိမှာ အဲ့ဒီ ဝန်ဆောင်မှုကို ရရှိထားပြီးတဲ့ သူတွေလည်း ရှိနေကာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ အတူ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့တာကြောင့် ဆိုင်မှာ ဟော့ပေါ့စားဖို့ ကြိုတင်စာရင်းသွင်းတောင်းဆိုတာတွေ အများအပြားရှိလာနေတဲ့အပြင် အခြားဟော့ပေါ့ဆိုင်တွေကပါ ခုလိုဝန်ဆောင်မှုတွေပေးဖို့ လုပ်လာတာတွေပါရှိနေပြီး ခုလိုမျိုးအပြုသဘောဆောင်တဲ့ ဝန်ဆောင်မှုသာ အောင်မြင်လာမယ်ဆိုရင်တော့ တရုတ်နိုင်ငံတဝှမ်းက ဟော့ပေါ့နှစ်သက်သူတွေဟာ ဟော့ပေါ့အနံ့စွဲနေတဲ့ ဆံပင်တွေအတွက်တော့ စိတ်ပူစရာ မလိုတော့ပါဘူး။
Ref; Oddity Central

