၂၅. ၇. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံအခြေစိုက် ဗီဒီယိုအတိုတွေ မျှဝေနိုင်တဲ့ လူမှုပလက်ဖောင်း TikTok ဟာ စာသားသီးသန့်ပို့စ်တွေပါ တင်နိုင်တဲ့ ပုံစံသစ်ကို မနေ့ကစတင်မိတ်ဆက်ခဲ့ပြီး ရှုပ်ထွေးနေတဲ့ ပြဿနာများစွာနဲ့ Twitter ကို ယှဉ်ပြိုင်လာနေတဲ့ ဆိုရှယ်မီိဒီယာပလက်ဖောင်းတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
TikTok မှာ စာသားပို့စ်တွေက Instagram တို့ Facebook တို့မှာ တင်နိုင်တဲ့ “Story” နဲ့ အနီးစပ်ဆုံးတူမှာဖြစ်ပြီး အခုလအစောပိုင်းက Elon Musk ပိုင်တဲ့ Twitter ကို ယှဉ်ပြိုင်ဖို့ Meta က ထုတ်ထားတဲ့ Threads အတွက်လည်း စိန်ခေါ်မှုတစ်ခုအဖြစ် စတင်ခဲ့ပါတယ်။
စာသားပို့စ်တွေဟာ အမှန်တကယ်မှာတော့ ဆိုရှယ်မီဒီယာအက်ပ်တွေမှာ သာမန်ဖြစ်နေပြီဖြစ်ပေမဲ့ TikTok လို ဗီဒီယိုမျှဝေတဲ့ အက်ပလီကေးရှင်းမှာ ရရှိလာတာကတော့ အသစ်အဆန်းဖြစ်နေစေမှာပါ။
TikTok ရဲ့ စာသားပို့စ်တွေမှာ သုံးစွဲသူစိတ်ကြိုက် နောက်ခံတေးဂီတ၊ နောက်ခံအရောင်နဲ့ စတစ်ကာတွေကို ထည့်သွင်းနိုင်တဲ့အပြင် မျက်နှာပြင်အပြည့် စာသားကို ထည့်သွင်းနိုင်ပြီး စာလုံးအရေအတွက် ၁၀၀၀ အထိ တင်နိုင်မှာပါ။
ခုလို စာသားပိုစ့်တင်နိုင်မဲ့ ပုံစံအသစ်ဟာ TikTok သုံးစွဲသူလူတိုင်းအတွက် အကြောင်းအရာဖန်တီးမှုဆိုင်ရာ နယ်နိမိတ်တွေကို ချဲ့ထွင်နိုင်ဖို့ပါလို့ TikTok ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Ref; Reuters

