၁၆. ၆. ၂၀၂၃
Written by Nay Moe
ငွေကျပ်သုံးသိန်းရ၍ လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံ ၄ ဦးအား ဖြစ်စဉ်ဖြစ်ပွားပြီး ၁ဝ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ MICC-II ဂိတ်(၂) ဝင်ပေါက်အား (စိစစ်ဆဲ)ကျား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့်ပစ်ခတ်သူများစုံစမ်းရာ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားသည့် တရားခံ သက်နိုင်နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်း တို့အား ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖမ်းမိခဲ့သည်။ ဖမ်းမိတရားခံ သက်နိုင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် တရားခံ ရဲနိုင်နှင့် အငှားယာဉ်မောင်း အိုင်ဖော့(ခ)ရန်နိုင်ဦး တို့အား လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းမိခဲ့သည်။
ဖမ်းမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်နိုင်နှင့် ရဲနိုင်တို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကြုံရာကျပန်း လုပ်ကိုင်နေသူများဖြစ်ပြီးတရားခံပြေး ရှမ်းလေး၏ ချိတ်ဆက်ပေးမူဖြင့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း နှင့် ရင်းနှီး ခဲ့ကြောင်း၊ တရားခံပြေး ဇင်ယော်က နေပြည်တော်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရေး ကူညီပါဝင်ဆောင်ရွက်ပေးရန်နှင့် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့ ၂ ဦးမှ ငွေကြေးရယူလိုမှုဖြင့် သဘောတူလက်ခံခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် တရားခံပြေးဇင်ယော်က MICC-II နှင့် လယ်ဝေးမြို့မရဲစခန်းတို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး ၂ လုံးပေးခဲ့သဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့မှ ကယားပြည်နယ်၊ ပဆေးလာကျေးရွာသို့ သွားရောက် ယူဆောင်ခဲ့သည်။ ထို့နောက် ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့မှ ၂ ကြိမ် သွားရောက်၍ အခြေအနေကြည့်ရှုခဲ့သည်။
ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် တရားခံပြေး ဇင်ယော်၏ စေခိုင်းမှုဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေးတို့ ၃ ဦးသည် လက်ပစ်ဗုံး ၂ လုံးအား ယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် လယ်ဝေးမြို့မရဲစခန်းသို့ ပစ်ခတ်ဖောက်ခွဲရန် သွားရောက်ခဲ့ပြီး တရားခံပြေး အသေးလေး မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်၍ သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သည်။
အလားတူ ယင်းနေ့ညပိုင်းတွင် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေးတို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင်မှ အခြေအနေ ကြည့်ရှုပေးကာ တရားခံပြေး အသေးလေး နှင့် သက်နိုင် တို့ ၂ ဦးမှ MICC-II ဂိတ်(၂)ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲမှုများအတွက် တရားခံပြေး ဇင်ယော်မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိုက်စိတ်တိုက်စစ်ဆေး ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေမှုကြောင့် မနေရဲတော့ဘဲ ကယားပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရပြီး ဖမ်းမိတရားခံများအားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။





