အိုးဘိုထောင်အနောက်ဘက်ရှိ ကျုးကျော်နေအိမ်များအား ဖြိုဖျက်ရှင်းလင်းနေမှုကို အောက်တိုဘာ ၂၁ ရက်က တွေ့ရစဥ်

၂၁. ၁၀. ၂၀၂၂

Written by Naing Thuta

အင်းစိန်ထောင်ပေါက်ကွဲအပြီးတွင် မန္တလေးအိုးဘိုအကျဉ်းထောင် အနောက်ဘက်ရှိ ကျူးကျော်နေအိမ်များအား အောက်တိုဘာ ၂၁ ရက်မှစတင်ကာ ဖြိုဖျက် ရှင်းလင်းနေကြောင်း ကနဦး သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ အိုးဘိုရပ်ကွက်၊ အိုးဘိုအကျဉ်းထောင်အနောက်ဘက်၊ မေတ္တာလမ်းသွယ် (၁) လမ်းနှင့် မီးရထားသံလမ်းဘေးတွင် နေထိုင်နေကြသော ကျူးကျော်နေအိမ်များအား အောက်တိုဘာ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်ခန့်က ရှင်းလင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၇ နာရီလောက်ကတည်းက စည်ပင်နဲ့ရဲတွေ ရောက်လာကြတယ်။ ၈ နာရီလောက်ကျမှ တစ်နာရီအတွင်း အပြီးရှင်းပေးရမယ်ပြောတယ်။ ၉ နာရီလည်းထိုးခါနီးရော ဘူဒိုဇာ သုံးစီးနဲ့ထိုးတော့တာပဲ။ ပစ္စည်းသိမ်းချိန်တောင် ကောင်းကောင်းမရလိုက်ဘူး။ ဖျက်မယ်လို့တော့ ကြားတယ်။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကတည်းက ကြားနေတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က ပေတွေတော့လာတိုင်းသွားပြီးတော့ အခုမနက်ကျမှရောက်လာပြီး ဖျက်ခိုင်းကြတာပဲ။ ဖျက်မဲ့ရက်လေး အတိကျပေးရင်တော့ အဆင်ပြေတာပေါ့။ အခုတော့ အလောသုံးဆယ်ဖျက်ကြလို့ မရတဲ့ ပစ္စည်းလည်းမရလိုက်ပါဘူး” ဟု နေအိမ်ရှင်းလင်းခံရသူ တစ်ဦးက ဆိုသည်။

အဆိုပါ ရှင်းလင်းမှုတွင် ကျူးကျော်အိမ် ၅၀ ကျော်ရှင်းလင်းခဲ့ကြောင်းနှင့် ယခုအချိန်အထိ ဖျတ်နေဆဲဖြစ်ကြောင်း မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနက်ကတော့ တာဝန်ရှိသူတွေလာတော့ ကျူးနေနေတဲ့ သူတွေနဲ့ အနည်းငယ် ပဋိပက္ခဖြစ်သေးတယ်။ ခဏတော့ ငြိမ်သွားပြီး သူတို့ပစ္စည်းတွေ သိမ်းနေတုန်း ဘူဒိုဇာနဲ့ ထိုးတော့တာပဲ။ အိမ်ခြေဘယ်လောက်အထိရှင်းမယ်။ ဘယ်အထိရှင်းလင်းမယ်ကို အတိအကျမသိဘူး။ တာဝန်ရှိသူတွေကလည်း အတိအကျမပြောဘူးကြားတာပဲ” ဟု ၎င်းရပ်ကွက်နေသူ တစ်ဦးကပြောသည်။

၎င်းရှင်းလင်းမှုကို ယခုအထိသိမ်းစည်းမှု မပြီးသေးကြောင်းနှင့် တာဝန်ရှိသူများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

“နေလာတာ ကြာပြီ။ အိုးဘိုထောင်မရှိခင် သင်္ချိုင်းရှိကတည်းက နေလာတာ။ ခုတော့ ဖျက်ပေးရတော့မယ်။ လမ်းနဲ့မလွတ်လို့ ၃၅ ပေလောက်ရှိမယ် လမ်းကနေ ဝန်းအဆုံးဆိုရင် အကုန်ဖျက်ပေးရမှာ အခိုင်အမာဆောက်ပြီးကာမှဗျာ။ အခုဖျတ်တဲ့အထဲတော့မပါသေးဘူး။ ဒီနေ့မှ လာတိုင်းသွားတယ် နောက် ၁၅ ရက်လောက်ကြာမယ်ထင်တာပဲ။ အဲဒါကြောင့် အခုကတည်းက ပစ္စည်းတွေသိမ်းထားတာပါ” ဟု ထပ်မံ ဖျက်ခံရမည့် အိမ်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ကျုးကျော်များ ရှင်းလင်းမှုကို အိုးဘိုထောင် အနောက်ဘက် သံလမ်းနှင့် လမ်းတစ်လျှောက်တွင်ရှိသော သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိသည့် နေအိမ်များအား ဆက်လက်ရှင်းလင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *