၂၁-၁၀-၂၀၂၂

Written by Thettant

ရုံးပိတ်ရက်ကာလအများပြည်သူခရီးသွားလာရာတွင် အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန်- မန္တလေးအထူးရထားများ ယနေ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

ပုံမှန်အားဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားတစ်စီး၊ ဘူတာစဉ်ရပ်သည့် ရထား၊ လေအိတ်ရထားတစ်ပတ်နှစ်စီး၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် တစ်နေ့နှစ်စီး၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် တစ်စီးနေ့စဉ်ပြေးဆွဲပေးနေသည်။ လာမည့်အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်-ရန်ကုန် အထူးရထားပြေးဆွဲမည်ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန်-မန္တလေး အထူးရထားပြေးဆွဲပေးမည်ဟု သိရသည်။

အဆိုပါ ပြေးဆွဲပေးခြင်းမှာ အောက်တိုဘာ ၁ ရက်နေ့မှာ သောကြာနေ့ဖြစ်ပြီး စနေ၊ တနင်္ဂနွေနှစ်ရက်ဆက်သည့်အပြင် အောက်တိုဘာ ၂၄ ရက်မှာ ဒီပါဝလီနေ့ဖြစ်သည့်အတွက် ပြေးဆွဲပေးခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် တန်ဆောင်တိုင်ပိတ်ရက်တွင်လည်း ထိုသို့အထူးရထားများ စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

“သီတင်းကျွတ်မှာ ပြေးပေးတော့လည်း နေပြည်တော်က ဝန်ထမ်းမိသားစုတွေက ရန်ကုန်ဆင်းကြတော့ လူပြည့်တာပေါ့။ အခု ဒီပိတ်ရက်ကလည်း သုံးရက်ဆက်တိုက်ဖြစ်နေတော့ ရန်ကုန်ဆင်းချင် ဆင်းလို့ရအောင် စီစဉ်ပေးတာပေါ့” ဟု မြန်မာ့မီးရထားလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်-ရန်ကုန်ရထားမှာ အထက်တန်း ၉၃၀၀ ကျပ်၊ ရိုးရိုးတန်း ၄၇၀၀ ကျပ်၊ ရန်ကုန်-မန္တလေးအထက်တန်း လက်မှတ် ၁၅၄၅၀ ကျပ်၊ ရိုးရိုးတန်း ၇၇၅၀ ကျပ် သတ်မှတ်ရောင်းချပေးနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *