ဗိုလ်တထောင်ဘုရားအနီး ရန်ကုန်မြစ်၏ ညရှုခင်းကို တွေ့ရစဥ်

MT News

Written by Thi Ha

လာမည့် တန်ဆောင်မုန်းလပြည့်နေ့ အများပြည်သူ ရုံးပိတ်ရက်နှင့် ပွဲတော်ရက်များအတွက် ရည်ရွယ်၍ တော်ဝင်ချမ်းသာ ကုမ္ပဏီမှ ရန်ကုန်မြို့အတွက် ပထမဆုံး ရေပေါ်ညစျေးကို ဗိုလ်တထောင်ဘုရားအနီး အမှတ် (၅) ဆိပ်ခံတံတားတွင် ဖွင့်လှစ်ရောင်းချမည်ဟု တော်ဝင်ချမ်းသာကုမ္ပဏီ တာဝန်ရှိသူမှ MT News သို့ အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

ဆိုင်ခန်းပေါင်း ၃၅ ခန်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုကိုယ်စားပြု လှေများ ဖန်တီးကာ လှေပေါ်တွင် အစားအသောက်များတည်ခင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ရောင်းချဝန်ဆောင်မှုပေးမည့် သူများမှလည်း မိမိတို့ရောင်းချသည့် အစားအသောက်နှင့် ဒေသကို ကိုယ်စားပြုသည့် ရိုးရာဝတ်စုံများ ဝတ်ဆင်ရောင်းချပေးရမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

“အဓိက ရိုးရာအစားအစာနဲ့ အခင်းအကျင်းတွေကို တည်ခင်းပြီး ပွဲကို လာမယ့်သူတွေကို ဆွဲဆောင်ရောင်းချမှာပေါ့။ ရေပေါ်စျေးကို လှေတွေပေါ်ကနေ ရောင်းမယ့်သူက ရောင်းချမှာကို ဝယ်သူကတော့ ဆိပ်ခံတံတားပေါ်ကနေပဲ ဝယ်ရမှာပါ။ လှေထဲကို ဆင်းခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်မြစ်ရဲ့ ဒီရေ အတက်အကျကြောင့် ပွဲကိုလာမယ့်သူတွေ ထိခိုက်မှု မရှိအောင်ပါ” ဟု ​တော်ဝင်ချမ်းသာကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

လာရောက်ပူးပေါင်း ရောင်းချင်သူများအနေဖြင့် ဆိုင်ခန်းခ နှုန်းထားများကို တစ်ရက်လျှင် ၃၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ရေ၊ မီးနှင့် ရောင်းချရမည့် Food Counter အခင်းအကျင်းကို ကုမ္ပဏီဘက်မှ စီစဥ်ပေးမည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *