၁၉. ၅. ၂၀၂၃
Written by Nyein Kyaw
MPT Club အနေဖြင့် ငါးနှစ်အတွင်း Subscribers သန်း ၃၀ ကျော်လာခဲ့သဖြင့် ပုဂံသို့ ၂ ညအိပ် ၃ ရက်ခရီးအပါအဝင် ပရိုမိုးရှင်းအစီအစဥ်များကို မေလ ၁၅ ရက်မှ ဇွန်လ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မေလ ၁၉ ရက်တွင် ပြုလုပ်သည့် MPT Club ၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
ပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်ရန်အတွက် MPT Club အဖွဲ့ဝင်များသည် မိမိတို့ကြိုက်နှစ်သက်ရာ မိုဘိုင်းလ်ဝန်ဆောင်မှုများအား MPT Club ပွိုင့်များဖြင့် တစ်ကြိမ်နှင့်အထက် လဲလှယ်အသုံးပြုရန် လိုအပ်ပြီး MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက်သလို အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်နိုင်ကာ လဲလှယ်သည့်အကြိမ်ရေ များလေလေ ကြီးမားသည့် အကျိုးခံစားခွင့်များရရှိရန် အခွင့်အရေးပိုများလေလေဖြစ်သည်။
“MPT Club ကိုဆိုရင် ၂၀၁၈ မေလ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၈ ကနေ ၂၀၂၃ အထိ ငါးနှစ်တာကာလအတွင်းမှာ မတူညီတဲ့ဝန်ဆောင်မှုတွေ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းခဲ့တာဖြစ်လို့ ယခုဆိုလို့ရှိရင် Member ဝင် စုစုပေါင်း Over 30 million Subscribers ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပရိုမိုးရှင်းရဲ့ ဆုရသူတွေရဲ့ စာရင်းကိုတော့ ပရိုမိုရှင်းကာလတစ်လတာပြီးတဲ့အချိန်မှာ ဇွန် ၂၃ ရက်နေ့မှာ ကြေညာပေးပါမယ်” ဟု MPTJO ၏ Loyalty Management ဌာနမှ မန်နေဂျာ မနှင်းဝတ်ရည်ထူးက ပြောသည်။
ဆုကြေးအနည်းဆုံးပရိုမိုးရှင်းအနေဖြင့် တစ်ကြိမ်နှင့် နှစ်ကြိမ် ပွိင့်လဲလှယ်ထားသူများ MPT Club ပွိင့် (၇၀) များအတွက် Grab Food တွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ဈေး၊ ဆုကြေးအများဆုံး ပရိုမိုးရှင်အနေဖြင့် ငါးကြိမ်နှင့်အထက် ပွိုင့်လဲလှယ်ထားသူများ MPT Club ပွိုင့် (၅၅၅)များအတွက် ပုဂံ ၂ ညအိပ် ၃ ရက်ခရီး (ဟိုတယ်+အသွားအပြန်ကားလက်မှတ်)၊ အခမဲ့ ခံတွင်းစစ်ဆေးမှု+ အခမဲ့ Dental Scaling၊ ဆေးဘက်ဆိုင်ရာတွက် အခမဲ့ Teleconsultation များပါဝင်သည်။
ကံထူးရှင်များစာရင်းကို ဇွန် ၂၃ ရက်တွင် SMS၊ MPT တရားဝင် Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တို့တွင်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။
MPT သည် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။



