၄. ၅. ၂၀၂၃
Written by Min Mahar
ကားပြင်ပြီးပြန်လာသောအမျိုးသား ၄ ဦးလိုက်ပါသည့် AD Van ကား PDF အဖွဲ့ထောင်ထားသော မိုင်းနင်းမိကာပေါက်ကွဲခဲ့ပြီး သုံးဦးဒဏ်ရာရရှိမှု ကန့်ဘလူမြို့နယ်တွင် ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ယာဉ်မောင်းသည် ၎င်းမောင်းနှင်သော AD Van အဖြူရောင်အားပြင်ရန်အတွက် တစ်ရွာတည်းနေသူငယ်ချင်း ၃ ဦးဖြင့် မေလ ၃ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခွဲက ကန့်ဘလူမြို့သို့ သွားရောက်ပြင်ဆင်ခဲ့ကာ ထန်းကုန်းကျေးရွာသို့ပြန်လာစဉ် ည ၇ နာရီခွဲခန့်တွင် ညောင်ပေါင်ရင်းလမ်းခွဲအနီးအရောက်၌ PDF အဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့ရာ ကားပေါ်ပါလာသည့် ယာဉ်မောင်းအပါ ၃ ဦး ဒဏ်ရာများရရှိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးမှာမူ ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်မောင်းသည် ဝဲဘက်လက်ခလယ်ရင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံးစုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်မောင်း၏ သူငယ်ချင်းထဲမှ အသက် ၂၆ နှစ်အရွယ်အမျိုးသားသည် ဝဲဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ ၅ ချက်(မစိုးရိမ်ရ)နှင့် အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာမူ ဝဲဘက်လက်မောင်းရင်းစုတ်ပြတ်ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး နာ ကျင်ဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့သဖြင့် ကန့်ဘလူမြို့ရှိ မေတ္တာအနန္တလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် ကန့်ဘလူမြို့ ကုတင်-၁၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း မေတ္တာအနန္တလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထို့ပြင် ယာဉ်၏ရှေ့မှန်နှင့် ဘေးယာဘက်ဘော်ဒီတို့ ပေါက်ပြဲပျက်ဆီးသွားခဲ့ပြီး ကာလတန်ဘိုး ၃ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။
