၂၄. ၄. ၂၀၂၃
Written by Phyo Wei

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အပေါ်  မလျော်ဩဇာ လွှမ်းမိုးတာကြောင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-ကနဲ့ စွဲချက်တင်ထားတဲ့ အမှုအတွက် တရားလိုပြသက်သေအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို “ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှု”နဲ့ For The Yangon PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ဒီတစ်ပတ်မှာဆိုရင် ထူးခြားချက်ကတော့ သဘောထားတင်းမာတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ စစ်ရေးအရှိန်မြှင့်တင်နေမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တပ်မတော်ရဲ့ ထိုးစစ်ကို မခံနိုင်တဲ့ NUG နဲ့ PDF တို့ဟာ ထုံးစံအတိုင်း လက်နက်မဲ့ပြည်သူကို အလစ်ချောင်းမြောင်းသတ်ဖြတ်တာနဲ့ အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကိုပဲ အဓိက တိုက်ခိုက်တာမျိုးနဲ့ တုံ့ပြန်လာတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ SAC ဥက္ကဋ္ဌကို လာရောက်တွေ့ဆုံတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အကြောင်း၊ မြန်မာ့အရေးအတွက် Track 1.5 ဆွေးနွေးပွဲကို ဒုတိယအကြိမ် ကျင်းပမဲ့အကြောင်းနဲ့ ထူးမလာနိုင်တဲ့ ပိတ်ဆို့မှုတွေအကြောင်းကို တင်ပြချင်ပါတယ်။

“SAC ဥက္ကဋ္ဌကို လာရောက်တွေ့ဆုံတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်”

ထိုင်းအစိုးရက NUG နဲ့ PDF အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတာကြောင့် NUG နဲ့ PDF အဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လက်ရှိအချိန်မှာ SAC ဥက္ကဋ္ဌထံကို ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတွေ၊ တရားမဝင် လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ကုန်သွယ်မှုနဲ့ လက်နက်ကုန်သွယ်မှု ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ လက်ရှိ The Elder အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘန်ကီမွန်း မြန်မာပြည်ကို ရောက်ရှိလာပြီး SAC ဥက္ကနဲ့လည်း မြန်မာ့အရေးဆွေးနွေးတာကိုလည်း တွေ့ရပါသေးတယ်။ အရင်တစ်ချိန်တုန်းက ကွယ်ရာကနေ ပြစ်တင်ရှုတ်ချပြီး ဖယ်ထုတ်ဖို့ပဲ ကြိုးပမ်းနေကြတဲ့ အဖွဲ့တွေဟာ တည်ဆဲအစိုးရတစ်ရပ်ကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ရွေ့အောင်လုပ်နိုင်မယ်လို့ သဘောပေါက်လာတာကြောင့် SAC အစိုးရကို ပြန်လည်ထိတွေ့လာသလား။ သူတို့အာရုံထားတဲ့ ဘင်္ဂါလီအရေးအတွက်ပဲ သီးသန့်လာသလားဆိုတာတော့ မကြာခင် ကွဲကွဲပြားပြား အဖြေထွက်လာမှာဖြစ်ပေမဲ့ ဒီတစ်ခေါက်ဘန်ကီမွန်းရဲ့ ခရီးစဥ်ကတော့ SAC အစိုးရကို အသိအမှတ်ပြုတွေ့ဆုံတယ်ဆိုတာကိုတော့ ငြင်းနိုင်ကြမယ်မထင်ပါဘူး။

“မြန်မာ့အရေးအတွက် Track 1.5”

အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြင်ပကျွမ်းကျင်သူတွေ ရောနှောစည်းဝေးကြတဲ့ မြန်မာ့အရေးအတွက် ဒုတိယမြောက် Track 1.5 စားပွဲဝိုင်း အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဧပြီလ ၂၄ ရက်ကနေ ၂၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပထမအကြိမ် Track 1.5 စားပွဲဝိုင်းအစည်းအဝေးကို မတ်လအတွင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တယ်လို့လည်း နိုင်ငံတကာသတင်းတွေက ဖော်ပြခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ။ အဲဒီကာလဟာ ထိုင်းအစိုးရက NUG နဲ့ PDF တွေကို လိုက်ဖမ်းနေတဲ့ကာလဖြစ်လို့ နိုင်ငံတကာက ထိတွေ့ဆက်ဆံလာရတဲ့ SAC ဟာ NUG နဲ့ PDF တွေကို နိုင်ငံတကာမျက်နှာစာမှာ အကြမ်းဖက်အဖွဲ့ပါလို့ ပီပီပြင်ပြင် တံဆိပ်ကပ်ထားနိုင်ပြီလားလို့လည်း တွေးစရာဖြစ်ခဲ့ပါသေးတယ်။

ဒုတိယအကြိမ် Track 1.5 စားပွဲဝိုင်း အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖက်၊ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပါဝင်မှာဖြစ်ပြီး အဲဒီနိုင်ငံတွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အ‌ကြံပေးအဖွဲ့ဝင်တွေ တက်မှာပါ။ ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ အရင်နှစ် အလှည့်ကျဥက္ကဋ္ဌနဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့အပြင် အဓိကအလှူရှင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကိုလည်းဖိတ်ကြားထားပါသေးတယ်။ ဒါတင်မကဘဲ ဒေသဆိုင်ရာနဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေက ကျွမ်းကျင်သူတွေလည်းတက်ရောက်ဆွေးနွေးကြမှာပါ။

ထိုင်းနိုင်ငံက အစပြုဆောင်ရွက်ခဲ့တဲ့ Track 1.5 စားပွဲဝိုင်း အစည်းအဝေးတွေဟာ မြန်မာနိုင်ငံကို ဖယ်ထုတ်ဖို့လမ်းစဉ်နဲ့ ဆွေးနွေးမှုတွေဟာ မှားယွင်းတဲ့လမ်းစဉ်ဖြစ်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေခံစားသိရှိလာပြီဆိုရင် မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့်တွေမှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖိတ်ကြားပြီး ထိတွေ့ဆက်ဆံခြင်းပြုလာနိုင်ပါတယ်။ ဖယ်ထုတ်ခြင်းထက် ထိတွေ့ဆက်ဆံခြင်းကပဲ အာဆီယံမူငါးချက် အောင်မြင်စေနိုင်မှာပါ။ ဒီလိုမျိုး အာဆီယံမူငါးချက်အောင်မြင်မှလည်း နှစ်ဖက်ကြားမှာ မြေစာပင်ဖြစ်လာနေတဲ့ မြန်မာပြည်သူတွေအတွက် ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်မှာပါ။

“ထူးမလာနိုင်တဲ့ ပိတ်ဆို့မှု”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်တာက ရေရှည်အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ မလေးရှားအခြေစိုက် Centre of Asean Regionalism at Universiti Malaya (CARUM)အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Rahul Mishra က သုံးသပ်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းစေဖို့အတွက် အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုကြားဝင်မစွက်ဖက်ရဆိုတဲ့ သတ်မှတ်ချက်ကနေ မြေပြင် လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကိုပဲ ထိရောက်စွာကူညီပေးပြီး အသွင်ကူးပြောင်းရေးအတွက်ကြားဝင်သင့်တယ်လို့လည်း သူက အကြံပြုပါတယ်။

ဒါ့အပြင် Nusantara Academy for Strategic Research (NASR) အဖွဲ့က နိုင်ငံရေးသုတေသီ ပါမောက္ခ Azmi Hassan က အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ပိတ်ဆို့မှုချမှတ်နေပေမဲ့လည်း မြန်မာ့နိုင်ငံရေး ပြဿနာကိုအဖြေရှာနိုင်ဖို့ကတော့ ပြည်တွင်းတွေ့ဆုံဆွေးနွေးမှုက စတင်ရမှာဖြစ်သလို ဒီလိုပိတ်ဆို့မှုကလည်း နစကအပေါ် ယာယီသက်ရောက်မှုပဲဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ စေလွှတ်သင့်မသင့်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း Azmi Hassan က ” နစကရဲ့ခွင့်ပြုချက်ရဖို့ လိုအပ်တယ်။ နစကဟာ အာဆီယံအဖွဲ့လေ့လာသူတွေကို နိုင်ငံအတွင်းဝင်ရောက်လေ့လာခွင့် ခွင့်မပြုဘူး။ နစကဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးဖို့ သဘောတူမှာမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။

အမေရိကန်၊ EU စတဲ့ အနောက်အုပ်စုတွေနဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကို အခုမှ ထ ပိတ်ဆို့နေတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက အရင် စစ်အာဏာရှင်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေရာချီကို ပိတ်ဆို့ခဲ့တာပါ။ အဲဒီလို ပိတ်ဆို့လို့ မြန်မာပြည်သူတွေသာ ကျပ်တည်းဆင်းရဲပြီး မြန်မာနိုင်ငံကသာ ကမ္ဘာ့အမွဲဆုံးနိုင်ငံဖြစ်သွားခဲ့ပေမဲ့ သူတို့ပိတ်ဆို့ခဲ့သူတွေက အခုဆို ပိုပိုပြီး ချမ်းသာနေသလို ပြည်ပနိုင်ငံတွေမှာလည်း အခြေချနေထိုင်ခွင့်တွေ မြှုပ်နှံမှုတွေ ခွင့်ပြုနေတာကိုကြည့်ခြင်းအားဖြင့် ဒီပိတ်ဆို့မှုတွေဟာ ပိတ်ဆို့ခံရသူတွေကိုပဲ အကျိုးဖြစ်ထွန်းစေတာ တွေ့ရမှာပါ။ သမိုင်းအမှားကို သင်ခန်းစာမယူနိုင်ဘဲ မြန်မာပြည်သူတွေ ပိုကျပ်တည်းအောင်ပဲ ထပ်လုပ်နေတဲ့ အမေရိကန်တို့၊ EU တို့ရဲ့ ပိတ်ဆို့မှုတွေဟာ သူတို့ပိတ်ဆို့နေတဲ့သူတွေကို အရင်ပိတ်ဆို့ခဲ့ဖူးတဲ့လူတွေလိုပဲ ပိုချမ်းသာကြွယ်ဝလာအောင် ဒလန်လုပ်နေတာလားလို့ မေးခွန်းထုတ်ရင်းပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *