◾အောက်တန်းကျသည့် လုယက်မှုများကျုးလွန်နေသော KTLA ကို တပ်မဟာ(၇) နယ်မြေအတွင်း အခြေချ လှုပ်ရှားခွင့်မပြုဟု KNU ပြော
၁၂. ၄. ၂၀၂၃
Written by Nay Moe
NUG နှင့် ချိတ်ဆက်တိုက်ပွဲဝင်နေသည့် စောနယ်ဒါးမြ၏ KTLA သည် KNU တပ်မဟာ (၇) နယ်မြေတွင် တိုက်ပွဲဖော်ဆောင်ရာ၌ ကျေးရွာများသို့ဝင်ရောက်လုယက်မှုများကျုးလွန်ခဲ့သည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်က ကြေညာစာထုတ်ပြန်လာပြီး ထိုသို့ အောက်တန်းကျသည့် လုယက်မှုများကျုးလွန်နေသည့် KTLA ကို တပ်မဟာ(၇) နယ်မြေအတွင်း အခြေချခွင့် လှုပ်ရှားခွင့်မပြုကြောင်း KNU က ကြေညာချက်ထုတ်ပြန်လိုက်သည်။
စောနယ်ဒါးမြ၏ ကော်သူးလေတပ်မတော် (KTLA) မှ KNU တပ်မဟာ(၇) ဘားအံခရိုင်နယ်မြေအတွင်း လက်ရှိဖော်ဆောင်နေသောတိုက်ပွဲများနှင့်ပတ်သက်၍ KNU တပ်မဟာ(၇) ဘားအံခရိုင်က ဧပြီ ၁၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်လာသည့် အဆိုပါကြေညာစာတွင် KTLA သည် တပ်မဟာ(၇) ဘားအံခရိုင် နယ်မြေအတွင်းသို့ ဧပြီလ ပထမပတ်အတွင်း ဝင်ရောက်ခဲ့ပြီး ဧပြီလ(၅)ရက်နေ့တွင် တိုက်ပွဲများစတင်ခဲ့သည်ဟု ဖော်ပြသည်။
KTLA ကို စောနယ်ဒါးမြ ဦးဆောင်နေပြှး စောနယ်ဒါးမြသည် KNU လက်အောက်ခံဖြစ်သော KNDO ၏စစ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့ပြီး ဝေါ်လေ အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် ပတ်သက်ပြီး KNDO စစ်ဦးစီးချုပ်ရာထူးနှင့်တာဝန်မှ ရပ်ဆိုင်းခဲ့သည့်နောက် စောနယ်ဒါးမြသည် KNU မှခွဲထွက်ခဲ့ပြီး KTLA ကို ဖွဲ့စည်းထူထောင်ခဲ့သည်။
KNU တပ်မဟာ(၇) ဘားအံခရိုင် နယ်မြေအတွင်းဖော်ဆောင်သည့် တိုက်ပွဲများအတွင်း KTLA သည် ကျေးရွာများသို့ဝင်ရောက်ပြီး ကျေးရွာသူ/ကျေးရွာသားများ၏ အိုးအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများကို လုယူခြင်းစသည့်အောက်တန်းကျသည့် လုပ်ရပ်များကိုလည်း ကျူးလွန်ခဲ့ကြသည်ဟု KNU က ပြောသည်။ ထို့အပြင် အတိုင်းအတာတစ်ခုအထိရရှိထားသည့် ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးအဖွဲ့အစည်း (UCKAG)၏ စည်းလုံးညီညွတ်မှုကိုလည်း ပျက်စီးအောင်ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ KNU မှခွဲထွက်ခဲ့ပြီး အစုလိုက်အပြုံလိုက် လူသ-တ်မှူကျူးလွန်ခဲ့သည့်သူမှ ဦးဆောင်နေသည့် KTLA လက်နက်ကိုင်အဖွဲ့သည် (UCKAG) ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေး အဖွဲ့အစည်းများ၏ စည်းလုံးညီညွတ်မှုကို ပျက်စီးအောင်ကြိုးပမ်းနေသည့်အပြင် အောက်တန်းကျသည့် လုပ်ရပ်များကိုလည်း ကျူးလွန်နေသည့် KTLA ကို KNU တပ်မဟာ(၇) ဘားအံခရိုင် နယ်မြေအတွင်းတွင် လုံးဝအခြေချခွင့်၊ လှုပ်ရှားခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KTLA သည် လက်ရှိအချိန်တွင် NUG ၏ အထောက်အပံ့ခံ ဗိုလ်စလုံးဦးဆောင်သည့် PDF များ၏ ဆင်ဖြူစစ်ကြောင်း၊ KNU ဩဇာခံ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းလိုက်သည့် Venom စစ်ကြောင်း၊ DKBA ခွဲထွက် စောကျော်သက်၏ စစ်ကြောင်းနှင့် အခြားသော PDF ပူးပေါင်းစစ်ကြောင်းများကို ဦးဆောင်နေပြီး KTLA စစ်ဦးစီးချုပ်မှာမူ ယခုစာထုတ်ခံရသည့် စောနယ်ဒါးမြဖြစ်သည်။

