ကော်ဘရာစစ်ကြောင်းထုတ်ပြန်ချက်။ ဗိုလ်စောကော်၏ပို့စ်။ လူမှုကွန်ရက်တွင် Lion Battallion က ကျဆုံးခဲ့သည်ဟု ပျံ့နှံ့နေသည့်ပုံများ။
◾Lion Battalion စစ်ကြောင်းတစ်ခုလုံးပျက်၍ ဗိုလ်အယ်ဆေးဝါးသေဆုံးကြောင်း သတင်းထွက်နေချိန် ပူးပေါင်းခြင်းဖြစ်
၉. ၄. ၂၀၂၃
Written by Nay Moe
ဗိုလ်နယ်ဒါးမြ၏ ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ Venom စစ်ကြောင်းတစ်ခုလုံး KNU ၏ ကော်ဘရာစစ်ကြောင်းထံ ပူးပေါင်းလိုက်ကြောင်း ယနေ့ထုတ်ပြန်လိုက်ပြီး ထိုသို့ထုတ်ပြန်မှုမှာ KTLA ၏ အခြားစစ်ကြောင်းတစ်ခုဖြစ်သည့် Lion Battalion စစ်ကြောင်းတစ်ခုလုံးပျက်၍ ဗိုလ်အယ်ဆေးဝါးဒဏ်ရာရ/သေဆုံးကြောင်း သတင်းထွက်နေချိန် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
ဗိုလ်နယ်ဒါးမြ၏ KTLA လက်အောက်ခံ စစ်ကြောင်းဖြစ်သည့် Venom စစ်ကြောင်းတစ်ခုလုံး လာရောက်ပူးပေါင်းလာကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ” ၆. ၄. ၂၀၂၃ တွင် Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့ပါသည်” ဟု ယနေ့ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးပေါင်းမှုကြောင့် ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)ဟူ၍ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အသိပေးထားပြီး ကော်ဘရာစစ်ဆင်ရေးမှူး – ဗိုလ်ဒါဘော၊ စစ်ကြောင်း(၁) စစ်ကြောင်းမှူးအဖြစ် ဗိုလ်စောကော်၊ စစ်ကြောင်း(၁)ဒုစစ်ကြောင်းမှူးအဖြစ် ဗိုလ်တွံတေး (ခ) စောဘလူဒို့တို့ တာဝန်ယူမည်ဖြစ်ပြီး စစ်ကြောင်း(၂) စစ်ကြောင်းမှူးအဖြစ် Venom စစ်ကြောင်းမှူးဖြစ်သည့် ဗိုလ်စောဝင်းမြင့်အား တာဝန်ပေးအပ်ခဲ့ပြီး စစ်ကြောင်း(၂)ဒုစစ်ကြောင်းမှူးမှာ ဗိုလ်စောငြိမ်းချမ်းဝင်း ဖြစ်သည်ဟု တာဝန်သတ်မှတ်ခဲ့သည်။
”ကျွန်တော်တို့လူငယ်တွေသည် စနစ်ဆိုးကြီးကို ဖြိုရန်စည်းလုံးမှူကို တည်ဆောက်နေပါသည်”ဟု ကော်ဘရာစစ်ကြောင်း (၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က ၎င်း၏ Facebook တွင် ရေးသားထားသည်။
KTLA ထူထောင်သူ ဗိုလ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် ဖြစ်သော်လည်း ဝေါ်လေဒေသ တံတားလုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သ-တ်ဖြတ်မှု နှင့်ပတ်သက်ပြီး KNU ၏ စုံစမ်းစစ်ဆေးမှုကို လက်မခံသည့်အပြင် KTLA ဟု ခွဲထွက်တည်ထောင်ခဲ့၍ အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ လက်ရှိအချိန်တွင် ဗိုလ်နယ်ဒါးမြလက်အောက်ခံ ဗိုလ်စလုံး၏ ဆင်ဖြူစစ်ကြောင်းသည်လည်း ငယ်သားများဖြစ်သော PDF များ၏ ခွဲထွက်မှု၊ NUG ဩဇာခံ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ထံမှ ထိုင်းဘတ်ငွေ ၁၇ သိန်းလိမ်လည်မှုတို့ဖြင့် အငြင်းပွားမှုများဖြစ်ပေါ်နေသည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မြဝတီကုန်သွယ်ရေးဇုန်အား KNU/KTLA/ PDF စစ်ကြောင်းများဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့် BGF တပ်များက လိုက်လံနှိမ်နင်းမှုတွင် Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်ဆေးဝါးကျဆုံးဒဏ်ရာရကြောင်း၊ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်း သတင်းများထွက်လာခဲ့ပြီး Lion Battalion မှ PDF အများအပြားသေဆုံးကာ လက်နက်များ၊ ကားများသိမ်းမိခဲ့သည်။ ထို့အတူ ထိုင်းနိုင်ငံကလည်း Lion Battalion မှ PDF သုံးဦးကို ဖမ်းဆီးကာ SAC ထံ တရားခံလွှဲပို့မှုကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
