တရုတ်လွတ်မြောက်ရေးတပ်မတော် က United Sharp Sword စစ်ရေး လေ့ကျင့်မှုစတင်ပြုလုပ်နေသည်ကို တိုင်ဝမ်ကျွန်း အနီး ဧပြီလ ၈ ရက် နံနက်တွင် တွေ့ရစဉ်
၈. ၄. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်တိုင်ပေသမ္မတ Tsai Ing-wen က ၎င်း၏အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တားမြစ်ခြိမ်းခြောက်နေမှုများကိုဆန့်ကျင်လျက် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy နှင့်တွေ့ဆုံခဲ့ပြီးနောက်တွင် တရုတ်အစိုးရက ဧပြီလ ၈ ရက်နံနက်၌ တိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
တရုတ်လွတ်မြောက်ရေးတပ်မတော်၊ အရှေ့ပိုင်းစစ်တိုင်းက United Sharp Sword အမည်ရှိ စစ်ရေးလေ့ကျင့်မှုကိုစတင်ကြောင်း ကြေညာခဲ့ပြီး ‘တိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့များနှင့် ပြည်ပတပ်ဖွဲ့များ ပူးပေါင်း ကြံစည်မှုကို ဆန့်ကျင်လျက် ပြင်းထန်သောသတိပေးချက်တစ်ရပ်အဖြစ် သုံးသပ်ပြောကြားခဲ့ပြီး နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေစုစည်းမှုတို့အတွက် လိုအပ်သောဆောင်ရွက်ချက်တစ်ရပ်’ အဖြစ်လည်း ပြောကြားခဲ့သည်။
United Sharp Sword စစ်ရေးလေ့ကျင့်မှုကို တိုင်ဝမ်ရေလက်ကြားအတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် ကင်းလှည့်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်း၏ မြောက်၊ တောင်နှင့် အရှေ့ဘက်အပြင် ပင်လယ်ပြင်အတွင်းနှင့်ဝေဟင်၌လည်း လေကြောင်းပျံသန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အရှေ့ ပိုင်းစစ်တိုင်းမှ အဆင့်မြင့်ဗိုလ်မှူးကြီး ရှီရီက ဧပြီလ ၈ ရက်တွင် ပြောခဲ့သည်။
United Sharp Sword စစ်ရေးလေ့ကျင့်မှုကို တရုတ်တိုင်ပေသမ္မတ Tsai Ing-wen က ၎င်း၏ ဆယ်ရက်ကြာ အမေရိကန်ပြည်ထောင်စုခရီးစဉ်မှ ဧပြီလ ၇ ရက်တွင် ပြန်လည်ရောက်ရှိပြီးနောက် တစ်နေ့မှာပင် စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်တိုင်ပေအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တိုင်ဝမ်ကျွန်းအား အုပ်ချုပ်နိုင်ခြင်းမရှိခဲ့သေးသော်လည်း ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ကြေညာထားခဲ့သည်။ သို့သော် ပိုင်နက်နယ်မြေအဖြစ် တည်ရှိစေရန် စစ်အင်အားအသုံးပြုမှုကိုမူ မပြုလုပ်ခဲ့ပေ။
Ref—–CNN
