Photo - Sule Pagoda Facebook page
၈. ၄. ၂၀၂၃
Written by Peya
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့လည်ရှိ ဆူးလေစေတီတော်မြတ်ကြီးကို ပိတ်ထားမည်ဆိုခြင်းမှာ အခြား အထွေအထူး စိုးရိမ်ရန် ကိစ္စသောကြောင့် မဟုတ်ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က MT News သတင်းဌာနသို့ ပြောခဲ့သည်။
မဟာသင်္ကြန် လေးရက်တာကာလအတွင်း ဆူးလေစေတီတော်မြတ်ကြီး၏ တံခါးကို ခေတ္တပိတ်ထားမည်ဖြစ်ကာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၆ နာရီက စတင်ပြီး နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ပုံမှန်အတိုင်း ဖွင့်လှစ်မည်ဟု ဂေါပကအဖွဲ့က အသိပေးထားသည်။
“ခေတ္တပိတ်မယ် ဆိုတာကတော့ လေးရက်က ဘုရားပိတ်ထားမယ့် အနေအထား ဖြစ်လို့ပါ။ ဘာမှထွေထွေထူးထူးမရှိပါဘူး။ ဝန်ထမ်းတွေ ဒုလ္လဘဝတ်တာနဲ့ ဘုရားဖူးပို့တာနဲ့ အဲ့ဒါတွေပဲ ရှိတယ်။ ဘာမှစိုးရိမ်စရာ မရှိပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ဝန်ထမ်းများ၏ တင်ပြတောင်းဆိုမှုအရ ထိုသို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း အလားတူ ပိတ်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။
