သက်တံ့၂
၂၈. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီ (Krabi) ပြည်နယ်၊ ကော့ခိုင် (Koh Kai) ကျွန်းအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်တင် ပဲ့ထောင်စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လှေမောင်းသူ၊ ဧည့်လမ်းညွှန်နှင့် နိုင်ငံခြားသားခရီးသည် နှစ်ဦးတို့ ပင်လယ်ထဲသို့ ပြုတ်ကျမျောပါသွားခဲ့သော်လည်း အဆိုပါ လေးဦးစလုံးထံသို့ အမျိုးသားဥယျာဉ် အရာရှိများက အချိန်မီ ရောက်ရှိသွားခဲ့ပြီး ကမ်းခြေသို့ ဘေးကင်းစွာ ပြန်လည်ကယ်တင် ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟတ်နော့ဖာရတ်သာရာ-မူကိုဖီဖီ (Hat Noppharat Thara-Mu Ko Phi Phi) အမျိုးသားဥယျာဉ်ရှိ ကိုပိုဒါ (Koh Poda) ကင်းစခန်းမှ အရာရှိများသည် အရေးပေါ် အကူအညီတောင်းခံမှုကို လက်ခံရရှိခဲ့ပြီးနောက် ဥယျာဉ်အုပ်ချုပ်ရေးမှူး ပရာမို့တ် ကောနမ် (Pramote Kaewnam) က ဝန်ထမ်းများကို စက်လှေဖြင့် ချက်ချင်းစေလွှတ်ကာ ရှာဖွေကယ်ဆယ်စေခဲ့ကြောင်း Amarin TV သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ စက်လှေသည် နိုင်ငံခြားသားခရီးသည် နှစ်ဦးကို အိုနန် (Ao Nang) ကမ်းခြေသို့ ပြန်လည်ပို့ဆောင်ပေးနေစဉ် လမ်းခုလတ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် လှေဝမ်းဗိုက်အတွင်းသို့ ရေများဝင်ရောက်ကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း လှေပေါ်ပါလာသူများက အရာရှိများကို ပြောကြားခဲ့သည်။ ခရီးသည်များမှာ မည်သည့်နိုင်ငံသားများ ဖြစ်သည်ကို ဥယျာဉ်တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးဘဲ ထိခိုက်ဒဏ်ရာရရှိမှုလည်း တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
ကြက်ကျွန်း (Chicken Island) ဟုလည်း လူသိများသည့် ကော့ခိုင်ကျွန်းသည် အိုနန်ကမ်းခြေမှ ထွက်ခွာသည့် ကျွန်းစုလည်ပတ်ရေး ခရီးစဉ်များတွင် ပုံမှန်ဝင်ရောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်အပြီးတွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် ကာလအတွင်း လှေမောင်းနှင်သူများနှင့် ခရီးသွားများအနေဖြင့် မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ရန်၊ မထွက်ခွာမီ လှေနှင့် အသက်ကယ်ပစ္စည်းများကို စစ်ဆေးရန်နှင့် ပင်လယ်ပြင်တွင် အထူးဂရုပြု သွားလာကြရန် အမျိုးသားဥယျာဉ်တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း အိုနန်ကမ်းခြေမှ ဟောင်ကျွန်း (Hong Island) သို့ သွားရောက်သည့် လမ်းခရီးရှိ လမ်ဟန်နက် (Laem Hang Nak) အနီးတွင် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၁၀ ဦး၊ ဧည့်လမ်းညွှန် ၁ ဦးနှင့် လှေမောင်းသူ ၁ ဦးတို့ လိုက်ပါလာသည့် စက်လှေတစ်စင်း လှိုင်းလုံးကြီး ရိုက်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ဖူးပြီး အနီးရှိ အခြားခရီးသည်တင် စက်လှေတစ်စင်းက လူ ၁၂ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကာ ၃ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူခဲ့ရသည်။
Ref: The Thaiger
