MT News
၂၈. ၁၁. ၂၀၂၆
(၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်နှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးကို “စီအယ်လ်အမ်ဗွီနိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အလားအလာများကို အကျိုးရှိစွာ အသုံးချခြင်းနှင့် သာယာဝပြောသော အနာဂတ်တစ်ခု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး၌ (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအကြား အမွေအနှစ်ဆိုင်ရာနှင့် ခေတ်မီကုန်းတွင်း ဆိပ်ကမ်းစင်္ကြံဆိုင်ရာ အစီအစဉ်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက်ကြပါစို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေး၌ နေပြည်တော် ကြေညာချက်နှင့် အက်ခ်မက်ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်တို့ကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ်သည်။





