၂၈.၁၁.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချိမြို့၊ Baloch Colony ရပ်ကွက်တွင် ဆောက်လုပ်ဆဲ ခြောက်ထပ်အဆောက်အအုံတစ်ခု နိုဝင်ဘာလ ၂၅ ရက်က ပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ နိုဝင်ဘာ ၂၈ ရက်က အပျက်အစီးများအောက်တွင် သေဆုံးနေသူနှစ်ဦး၏အလောင်းများကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် ၁၁ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်အတွက် တတိယမြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
“အဆောက်အအုံ ပြိုကျမှုမှာ လူ ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး အပျက်အစီးပုံများအောက်မှ လူအားလုံးကို ရှာဖွေတွေ့ရှိသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟတ်ဆန် ခန်း က ပြောကြားသည်။

လူဦးရေ သန်း ၂၄၀ ကျော်ရှိသော တောင်အာရှနိုင်ငံ ပါကစ္စတန်တွင် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်း မပြည့်မီခြင်းနှင့် ဆောက်လုပ်ရေးပစ္စည်း အရည်အသွေး ညံ့ဖျင်းခြင်းတို့ကြောင့် အဆောက်အအုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
စုံစမ်းစစ်ဆေးမှုများအရ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံမှာ မြေညီထပ်နှင့် နောက်ထပ် တစ်ထပ်သာ ပါဝင်ခွင့်ရှိသည်။
သို့သော် အထပ်ပေါင်း ၅ ထပ်ကို ခွင့်ပြုချက်မရှိဘဲ ထပ်မံဆောက်လုပ်ခဲ့ပြီး ပြိုကျချိန်တွင် ခြောက်ထပ်မြောက်အထပ်မှာ ဆောက်လုပ်ဆဲ အခြေအနေသာ ရှိသေးသည်။
အဆိုပါ အဆောက်အအုံကို တစ်နှစ်ခန့်ကြာ ဆောက်လုပ်နေခဲ့သည်ဟု ဆိုသည်။
အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်၍ တာဝန်ပေါ့လျော့မှုကြောင့် အရာရှိ ၁၂ ဦးကျော်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း အဆိုပါ အဆောက်အအုံပိုင်ရှင်ကို ဖမ်းဆီးရန် ညွှန်ကြားထားသည်။ အဆောက်အအုံ ပြိုကျပြီးနောက် ထိုဧရိယာအတွင်းရှိ အခြားအဆောက်အအုံ အများအပြားကိုလည်း ပိတ်သိမ်းထားလိုက်သည်။

လူဦးရေ သန်း ၂၀ ကျော် နေထိုင်ရာ ကြီးမားကျယ်ပြန့်သော ကရာချိမြို့ကြီးတွင် အရည်အသွေးညံ့ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်ခြင်း၊ အခြေခံအဆောက်အအုံများ ယိုယွင်းပျက်စီးခြင်း၊ လူဦးရေ ထူထပ်လွန်းခြင်းနှင့် ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ အကောင်အထည်ဖော်မှု အားနည်းခြင်း စသည့် ပြဿနာများစွာ ရှိနေသည်။
ကရာချိမြို့တွင် ဖေဖော်ဝါရီလက ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အဆောက်အအုံတစ်ခု ပြိုကျရာတွင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လတွင်လည်း မြို့တော်၏ ဆင်းရဲနွမ်းပါးသော Lyari ရပ်ကွက်၌ ငါးထပ်အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ရသေးသည်။
Ref: Aaj TV

