MT News
၂၀. ၁၁. ၂၀၂၆
ဒေါပုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီခွဲ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ မြို့မလမ်းတွင် မောင်အေးထွန်း နှင့် ထွန်းချေ(ခ)ဒေါင်းချေ တို့အား HONDA CRV အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁,၀၂၀,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံ) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဝင်း(ခ)ကျော်ဝင်းချေ အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတောရပ်ကွက်၊ ကွက်သစ်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မောင်အေးထွန်း(၆၀)နှစ်၊ ထွန်းချေ(ခ) ဒေါင်းချေ(၅၈)နှစ် နှင့် ကျော်ဝင်း(ခ)ကျော်ဝင်းချေ(၅၅)နှစ်တို့အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
