၁၇.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက “သေဒဏ်ခြိမ်းခြောက်မှု ဘယ်လောက်ပဲ ရှိပါစေ၊ ကျွန်မကို ကိုယ့်တိုင်းပြည်ကနေ ဝေးရာမှာ ရှိနေအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး” ဟု နိုဝင်ဘာ ၁၆ ရက် တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး သေဒဏ်ချမှတ်ခံထားရသည့် ရှိတ်ဟာစီနာက ဒီဇင်ဘာလတွင် နေရပ်ပြန်မည်ဖြစ်ကြောင်းလည်း ထပ်ဆင့်ပြောကြားခဲ့သည်။
ကျောင်းသားများ ဦးဆောင်သည့် အုံကြွမှုကြောင့် ၁၅ နှစ်ကြာ တင်းကျပ်သော အာဏာရှင်ဆန်သည့် အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် ဟာစီနာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ထိုအချိန်မှစ၍ ပုန်းအောင်းနေခဲ့ရသည်။
ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက သူမကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သူမ မျက်ကွယ်မှာပင် သေဒဏ်ချမှတ်ခဲ့သည်။
ဟာစီနာကမူ “ကျွန်မအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရင် ကြုံတွေ့ရမယ့် အန္တရာယ်တွေကို ကျွန်မ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကျွန်မ ဆုံးဖြတ်ချက် ချပြီးပါပြီ။ သေဒဏ်ခြိမ်းခြောက်မှု ဘယ်လောက်ပဲရှိပါစေ၊ ကျွန်မကို ကိုယ့်တိုင်းပြည်ကနေ ဝေးရာမှာ ရှိနေအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး” ဟု AFP သို့ အီးမေးလ်မှတစ်ဆင့် ဖြေကြားရာတွင် ပြောဆိုခဲ့သည်။
သူမ ပြန်လာပါက ကွပ်မျက်ခံရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားပြီး ရက်ပိုင်းအကြာတွင် သူမက နေရပ်ပြန်မည်ဟု အခိုင်အမာပြောဆိုလာခြင်း ဖြစ်သည်။ ထို့အပြင် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရန် သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်သဖြင့် သူမအနေဖြင့် တရားဥပဒေအရ ဆက်လက်လုပ်ဆောင်စရာ လမ်းကြောင်းမရှိတော့ကြောင်းလည်း ၎င်းတို့က ဆိုသည်။
အသက် ၇၉ နှစ်အရွယ် ရှိတ်ဟာစီနာကမူ ဤတရားစီရင်မှုသည် တရားမျှတမှု မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက သူမကို အိန္ဒိယနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားသော်လည်း အိန္ဒိယဘက်ကမူ အဆိုပါတောင်းဆိုချက်ကို ဥပဒေအရ ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ပြောကြားထားသည်။
“လပေါင်းများစွာ သူတို့က ကျွန်မ ပြန်လာဖို့ တောင်းဆိုခဲ့ကြတယ်။ အခု ကျွန်မက နေရပ်ပြန်ဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ စတင်လှမ်းလိုက်တဲ့အခါမှာတော့၊ တကယ်ပြန်လာခွင့်ပေးမယ့်အစား ကျွန်မကို ခြိမ်းခြောက်ဖို့ပဲ ပိုစိတ်ဝင်စားနေပုံ ပေါက်နေတယ်” ဟု ဟာစီနာက ပြောခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဆီက ဒီလို ဆန့်ကျင်ဘက် ပြောဆိုချက်တွေက သူတို့ရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်စေပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။
သူမ ပြန်လာမည်ဟု ကတိပေးခြင်းသည် နိုင်ငံရေးလောကတွင် ဆက်လက်ရပ်တည်နိုင်ရန်၊ ထောက်ခံသူများ၏ သစ္စာရှိမှုကို ထိန်းသိမ်းထားရန်နှင့် တစ်ချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွှမ်းမိုးထားခဲ့သော်လည်း ယခုအခါ လုပ်ဆောင်ချက်များ ပိတ်ပင်ခံထားရသည့် ပါတီကို ဆက်လက်ရှင်သန်စေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။
ထို့အပြင် သူမအား သေဒဏ်ချမှတ်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး၏ သမီးဖြစ်သူကို ကွပ်မျက်ရန် အစိုးရအနေဖြင့် အခက်အခဲရှိနိုင်သည်ဟု သူမ မျှော်လင့်ထားဖွယ်လည်း ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဓာတ်ဆီဗုံး တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သူမ၏ အဝါမီလိဂ်ပါတီ ပါဝင်ပတ်သက်နေသည်ဟူသော အာဏာပိုင်များ၏ စွပ်စွဲချက်ကို ဟာစီနာက ငြင်းဆိုလိုက်သည်။
သူမ ပြန်လာနိုင်ရေးအတွက် အိန္ဒိယနိုင်ငံထံမှ အကူအညီရယူရန် ရည်ရွယ်ချက် မရှိကြောင်းလည်း ပြောကြားခဲ့သည်။
ဟာစီနာက “ကျွန်မက ကိုယ့်သဘောဆန္ဒအလျောက် ပြန်လာဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေတဲ့အချိန်မှာ တခြားနိုင်ငံတစ်ခုကို ကျွန်မကို ပြန်လည်လွှဲပြောင်းပေးဖို့ ဘာကြောင့် တောင်းဆိုနေရမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ၎င်းက “နိုင်ငံတစ်နိုင်ငံကနေ နောက်နိုင်ငံတစ်ခုကို လူတစ်ဦး ပြန်လည်လွှဲပြောင်းပေးခြင်းဆိုတာ အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်နိုင်ငံကြား ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ သူတို့ရဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ နိုင်ငံအကျိုးစီးပွားတွေအပေါ် မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်ပါလိမ့်မယ်” ဟု လည်းပြောခဲ့သည်။
ဟာစီနာသည် အဂတိလိုက်စားမှု စွပ်စွဲချက်များ အပါအဝင် အခြားသော စွဲချက်များစွာနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။ “ကျွန်မအပေါ် မမှန်မကန် စွပ်စွဲထားတဲ့ အမှုပေါင်း ၆၀၀ ကျော်ကို တင်သွင်းထားပါတယ်” ဟု သူမက ပြောသည်။
နယူးဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသား မှတ်ပုံတင်ကတ်ရရှိရေးအတွက် ၎င်း၏ ရှေ့နေများက လျှောက်ထားပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်သွားဖို့ ကျွန်မ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ” ဟု သူမက ဆိုသည်။
ဟာစီနာက “ကျွန်မ မသေချင်ပါဘူး။ ဆက်လက်အသက်ရှင်နေထိုင်ပြီး နိုင်ငံအတွက် ဆက်လက်အမှုထမ်း သွားချင်ပါတယ်။ ဒါပေမဲ့ နေရပ်ပြန်လာခြင်းအတွက် ပေးဆပ်ရမယ့်အရာက သေဆုံးခြင်းဆိုရင် တောင်မှ အဲဒီအခြေအနေကိုရင်ဆိုင်ဖို့ ကျွန်မကအသင့်ရှိပါတယ်။ ဒီအတွက် ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်သွားဖို့ ကျွန်မ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
Ref: AFP
