



MT News
၆. ၁၀. ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ နားလုံကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၇၅ ဦးအပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်မှာ ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ STAR LINK ၄ စုံ၊ ALL IN ONE COMPUTER ၁၇ လုံး၊ LAPTOP ၂ လုံး၊ ဖုန်းမျိုးစုံ ၅၂၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့်လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
