◾ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်မည်
သတိုး
၁၂. ၉. ၂၀၂၆
မြန်မာနိုင်ငံအစိုးရသည် ရွေးကောက်ပွဲမှရွေးကောက်တင်မြှောက်သည့်တရားဝင်အစိုးရဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံမှ ဖယ်ကျဉ်ထားခြင်းကို လက်မခံကြောင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက် လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆန်က ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ကမ္ဘောဒီးယား နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် ဟွန်ဆန်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းချိတ်ဆက်မှုနှင့် အာဆီယံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖနွမ်းပင်မြို့၏ အံ့ဩဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သာယာမှုကို တွေ့ရှိရပြီး ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်မှုများအတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ ၇၁ နှစ်ကြာ မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား၏ Win-Win Policy ဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုကို အတုယူလေးစားကြောင်း၊ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ JCBC ယန္တရား ပြန်လည်စတင်ရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၌ ကျင်းပခဲ့သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများမှ စောဒက တက်သူမရှိဘဲ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်ခဲ့သည့် လွှတ်တော်နှင့် အစိုးရထွက်ပေါ်လာပြီး တာဝန်ယူခဲ့သည်မှာ (၆) လ ရှိပြီဖြစ်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်ထောက်ပြလာသည့်အတွက် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုရန်ခက်ခဲပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းနှင့် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံနယ်စပ်အရေးကို အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
အထက်ပါပြောကြားချက်များအပြင် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် သာသနာတော် ပိုမိုပြန့်ပွားရေးအတွက် နှစ်နိုင်ငံပူးပေါင်း မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ၏ တောင်ဘက်ခြမ်းစီးပွားရေးစင်္ကြံဖြစ်တဲ့ မြန်မာ(ထားဝယ်)-ဗန်ကောက်-ဖနွမ်းပင်-ဗီယက်နမ်(ဟိုချီမင်း) နှင့် ချိတ်ဆက်နိုင်မည့်ဖြစ်တာကြောင့် ဒေသတွင်းအရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် Bay of Bangal သို့ မဟာဗျူမြောက်အနောက်ဘက်ထွက်ပေါက်ဖြစ်လာမည်ဖြစ်ကြောင်း၊ ASEAN၊ မဲခေါင်-လန်ချန်း၊ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် စက်မှုလယ်ယာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထိုနည်းတူ ကမ္ဘောဒီးယား နိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲက မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ၇၁ နှစ်ကြာ ချစ်ကြည်ဆက်ဆံရေးနှင့် ယုံကြည်မှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားအစိုးရကိုလည်း ယခင်က ပြည်ပနိုင်ငံများက အသိအမှတ် မပြုသည်များ ရှိခဲ့သော်လည်း ကိုယ်လုပ်ရမဲ့အလုပ်ကိုသာ လုပ်ခဲ့ကြောင်း၊ မိမိပြည်သူကသာ အရေးကြီးကြောင်း၊မြန်မာအစိုးရအနေဖြင့်လည်း ပြည်သူက ရွေးချယ်တင်မြှောက် ထားခြင်းဖြစ်၍အခြားနိုင်ငံများမှ အသိအမှတ် ပြုခြင်း မပြုခြင်းသည် အရေးမကြီးပဲ ပြည်သူအတွက် အလုပ်လုပ်နေရန်သာလိုကြောင်း တုံ့ပြန် ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဘုန်းတော်ကြီးများအား မြန်မာနိုင်ငံက ဗုဒ္ဓကျမ်းဂန်စာပေ သင်ကြားပို့ချပေးမှုနှင့် သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် ကမ္ဘောဒီးယား၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရသည်ရွေးကောက်ပွဲမှရွေးကောက်တင်မြှောက်သည့်တရားဝင်အစိုးရဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံမှ ဖယ်ကျဉ်ထားခြင်းကို လက်မခံကြောင်းနှင့် လွှတ်တော်နှင့် နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တည်ငြိမ်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
