သက်တံ့
၈. ၈. ၂၀၂၆
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဝင်းများအတွင်း လူပေါင်း ၁၃,၆၇၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် (Civil Society Network for Human Trafficking Victim Assistance) ၏ အစီရင်ခံစာအရ သိရသည်။
အဆိုပါကွန်ရက်၏ ဩဂုတ်လ ၆ ရက်နေ့ထုတ် အစီရင်ခံစာခန့်မှန်းချက်အရ ကရင်အမျိုးသားတပ်မတော် (KNA) ဟု နာမည်ပြောင်းထားသည့် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေများတွင် လူပေါင်း ၈,၃၇၀ ကျော် ထိန်းသိမ်းခံထားရကြောင်း သိရသည်။ ၎င်းတို့အနက် ၅,၀၀၀ ခန့်မှာ ဖလူးဒေသတွင်လည်းကောင်း၊ ၃,၀၀၀ ခန့်မှာ KNA ထိန်းချုပ်ထားရာ တရားမဝင် Shikaya စက်လှေဆိပ်အနီးတွင်လည်းကောင်း၊ ၃၀၀ ခန့်မှာ အောင်တော်မူဘုရားအနီးရှိ တောတွင်းစခန်းတစ်ခုတွင်လည်းကောင်း ရှိနေကြသည်။ ၎င်းတို့ထဲတွင် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီသီယိုပီးယား၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံသားများအပြင် အခြားသော အာရပ်နှင့် အာဖရိကနိုင်ငံများမှ ပြည်သူများလည်း ပါဝင်နေသည်။




အလားတူ DKBA ထိန်းချုပ်ထားသော နယ်မြေ ၄ ခုတွင်လည်း အခြားလူပေါင်း ၅,၃၀၀ ခန့် ပိတ်မိနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ၎င်းတို့အနက် SKY ကုမ္ပဏီနှင့် အခြားကုမ္ပဏီများက လည်ပတ်နေသည့် ကျားဖြန့်ဝင်းများတွင် လူပေါင်း ၂,၅၀၀ ခန့်၊ ရေတံခွန်ပန်းခြံနှင့် ဘုရားသုံးဆူတောင်ကြားတွင် ၁,၈၀၀ ခန့်၊ တိုင်ချန်း ၁ (Tai Chang 1) နှင့် ချုံခီယက် (Chong Kheap) တို့တွင် ၁,၀၀၀ ခန့် ရှိနေကြသည်။ ထိုဒုက္ခသည်များထဲတွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ရုရှား၊ ဘရာဇီး၊ နီပေါ၊ ကာဇက်စတန်၊ ကင်ညာ၊ ယူဂန်းဒါး၊ ဇင်ဘာဘွေ၊ ဂါနာ၊ ရဝမ်ဒါ၊ ကင်မရွန်း၊ တန်ဇန်းနီးယားနှင့် ဆီယာရာလီယွန် နိုင်ငံသားများ ပါဝင်သည်။





ဖိလစ်ပိုင်နိုင်ငံသား ဒုက္ခသည်များသည် တစ်ဝင်းမှတစ်ဝင်းသို့ အပြောင်းအရွှေ့ခံရစဉ်အတွင်း ဓာတ်ပုံများ၊ ဗီဒီယိုများ၊ တည်နေရာပြမြေပုံများ (Geolocations) နှင့် လူကုန်ကူးခံရသူများ၏ စာရင်းများကို စုဆောင်းခဲ့ကြသည်ဟု ဆိုသည်။ ထိုသက်သေအထောက်အထားများသည် ဖုံးကွယ်ထားသော နေရာများကို ရှာဖွေဖော်ထုတ်ရန်နှင့် ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အထောက်အကူပြုရန် ကူညီပေးခဲ့သော်လည်း ဒုက္ခသည်အများအပြားမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ သို့မဟုတ် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အဆိုပါကွန်ရက်က ပြောကြားခဲ့သည်။
