သက်တံ့
၈. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ အာရူနာချယ် ပရာဒေးရှ်ပြည်နယ်၊ လောင်းဒင်းခရိုင်တွင် တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ပိတ်ပင်ထားသော အာသံလွတ်မြောက်ရေးတပ်ဦး United Liberation Front of Asom (Independent) – ULFA-I အဖွဲ့မှ အဖွဲ့ဝင် ၄ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ချမှုမှာ လောင်းဒင်းခရိုင်၊ ချု့ခေါလမ်းကြောင်း (Chupkhao Track) တစ်လျှောက် သတင်းအချက်အလက်အပေါ် အခြေခံ၍ ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်ရေးသည် လုံခြုံရေးတပ်ဖွဲ့များ၏ ဘက်စုံသတင်းစုဆောင်းမှု၊ စောင့်ကြည့်ထောက်လှမ်းမှုနှင့် မဟာဗျူဟာမြောက် စီမံကိန်းချမှတ်မှုတို့၏ ရလဒ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စနေနေ့ (ဩဂုတ် ၈ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ ULFA-I အဖွဲ့ဝင် ၄ ဦးသည် လုံခြုံရေးတပ်ဖွဲ့များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုများကြောင့် လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်ကာ လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
လက်နက်ချစဉ်အတွင်း ULFA-I အဖွဲ့ဝင် ၄ ဦးသည် သေနတ် ၄ လက်၊ ခဲယမ်းမီးကျောက်များနှင့် အခြားစစ်ဘက်သုံး ပစ္စည်းများကို လွှဲပြောင်းပေးခဲ့သည်။ ဤသို့ သိမ်းဆည်းရမိမှုသည် အရေးပါသော အဆိုပါဒေသအတွင်း ULFA-I ၏ စစ်ဆင်ရေးစွမ်းရည်ကို ကြီးမားသော ထိုးနှက်ချက်ဖြစ်စေကြောင်း လုံခြုံရေးအရာရှိများက မှတ်ချက်ပြုခဲ့သည်။
ယခုစစ်ဆင်ရေးသည် လက်နက်ကိုင်များနှင့် စွန့်စားရလွယ်သည့် လူငယ်များ လက်နက်ကိုင်အကြမ်းဖက်မှုကို စွန့်လွှတ်စေရန် ရည်ရွယ်သည့် လုံခြုံရေးအစီအမံများနှင့် လူထုအခြေပြု ဆက်ဆံရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နေသော တော်လှန်ရေးနှိမ်နင်းရေး အစီအစဉ်များ၏ အောင်မြင်မှုကို ပြသနေကြောင်း ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။
ယခု လတ်တလော လက်နက်ချမှုသည် အာသံ-အာရူနာချယ် ပရာဒေးရှ် နယ်စပ်နှင့် အာသံပြည်နယ်အထက်ပိုင်းတို့တွင် ULFA-I အပေါ် တင်းကြပ်ထားသည့် လုံခြုံရေးအစီအမံများနှင့် ဟန်ချက်ညီလျက်ရှိသည်။
ဤအဖွဲ့ဝင် ၄ ဦး၏ လက်နက်ချမှုသည် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်များ လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရေးကို မြှင့်တင်ပေးသည့်အပြင် ULFA-I ၏ စစ်ဆင်ရေးကွန်ရက်ကို ဖြိုခွဲရန် လုံခြုံရေးတပ်ဖွဲ့များ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများကို အထောက်အကူပြုစေသည်။
မေလအတွင်းက ရဲတပ်ဖွဲ့သတင်းမြစ်များ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများသည် ULFA-I အဖွဲ့ဝင်များအတွက် ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။
မကြာသေးမီက လက်နက်ချခဲ့သူများ သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည့် ULFA-I အဖွဲ့ဝင်များထံမှ ရရှိသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံအတွင်းရှိ စခန်းများသည် ယိုယွင်းပျက်စီးလာနေပြီး နေထိုင်မှုအခြေအနေများမှာလည်း ပိုမိုခက်ခဲလာကြောင်း ညွှန်ပြနေသည်။
အဆိုပါစခန်းများကို ထိန်းသိမ်းရန် ဘဏ္ဍာငွေ ပြင်းထန်စွာ လိုအပ်နေသဖြင့် အဖွဲ့ဝင်အများအပြားသည် အာသံပြည်နယ်သို့ ပြန်လည်ထွက်ခွာရန် စဉ်းစားလာကြသည်။
အစုလိုက်အပြုံလိုက် ထွက်ပြေးမှုကို တားဆီးရန်အတွက် ULFA-I ခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွင်းရှိ နာဂကျေးရွာများတွင် ပြန်လာသူများကို တားဆီးဟန့်တားရေးအဖွဲ့များ (‘Cut-off’ teams) ဖွဲ့စည်းထားသည်။ အဆိုပါအဖွဲ့များသည် အိန္ဒိယသို့ ပြန်ရန် ကြိုးပမ်းသူ မည်သူ့ကိုမဆို ကြားဖြတ်ဟန့်တားရန် တာဝန်ပေးထားပြီး ဖမ်းဆီးရမိပါက ပြင်းထန်သော အရေးယူဒဏ်ခတ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Ref : News Point
