သက်တံ့
၄. ၈. ၂၀၂၆
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာဒုက္ခသည်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူသည့်လုပ်ငန်းကို မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ ခုတွင် ကောက်ယူခဲ့သော်လည်း ခရိုင် ၄ ခုက သတ်မှတ်ထားသော ၁ နှစ်တာကာလအတွင်း အပြီးသတ်နိုင်ခြင်းမရှိကြောင်း ပြည်နယ်ပြည်ထဲရေးဌာန တာဝန်ရှိသူများက ဩဂုတ် ၄ ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။
မဲဆန္ဒရှင်စာရင်းများ အထူးစစ်ဆေးပြင်ဆင်ခြင်း (SIR) လုပ်ငန်းများနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများတွင်လည်း တာဝန်ရှိသူများ ပူးတွဲပါဝင်နေရသည့်အတွက် အဆိုပါ အချက်အလက်ကောက်ယူရေးလုပ်ငန်းမှာ ကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာဒုက္ခသည် အရေအတွက် အများဆုံးလက်ခံထားသည့် ခရိုင် ၇ ခုတွင်မူ Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
သို့သော် ဒုက္ခသည် အရေအတွက် အနည်းငယ်မျှသာရှိသည့် အခြားခရိုင် ၄ ခုဖြစ်သော မီဇိုရမ်တောင်ပိုင်းရှိ နာသီယားလ် (Hnahthial)၊ ကောလာဆစ် (Kolasib)၊ ဆဲရ်ဟစ်ပ် (Serchhip) နှင့် လောင်းတလိုင် (Lawngtlai) ခရိုင်တို့တွင်မူ လွန်ခဲ့သည့် ၁ နှစ်အတွင်း ကောက်ယူမှု မပြီးစီးနိုင်ခဲ့ပေ။
ဒုက္ခသည် ၆၂၂ ဦးသာရှိသည့် နာသီယားလ်ခရိုင်တွင် ဒုက္ခသည် ၅၆၃ ဦး (၉၀ ဒသမ ၅၁ ရာခိုင်နှုန်း) သာ အချက်အလက် ကောက်ယူနိုင်သေးသည်။
မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေသည့် စုစုပေါင်း မြန်မာဒုက္ခသည် ၂၉,၅၇၇ ဦးအနက် ၂၉,၂၄၈ ဦး (၉၈ ဒသမ ၈၉ ရာခိုင်နှုန်း) ၏ Biometric အချက်အလက်များကို ယနေ့အထိ ကောက်ယူပြီးစီးထားပြီး ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။
အချက်အလက်ကောက်ယူမှုပြီးစီးသည့် ခရိုင်များအနက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုက္ခသည် ၁၂,၀၈၃ ဦးအထိ ဒုတိယမြောက် အများဆုံးလက်ခံထားသည့် ချမ်ဖိုင် (Champhai) ခရိုင်နှင့် တတိယမြောက် ဒုက္ခသည်အများဆုံး (၄,၁၅၉ ဦး) လက်ခံထားသည့် အိုင်ဇောလ် (Aizawl) ခရိုင်တို့လည်း ပါဝင်သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ ရောက်ရှိလာသည့် ဒုက္ခသည် ၁,၆၇၉ ဦးလုံး၏ Biometric အချက်အလက်များကိုလည်း မြန်မာဒုက္ခသည်များ၏ အချက်အလက်များ ကောက်ယူပြီးနောက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ကောက်ယူပြီးစီးခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁ လခန့်အကြာတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များ မီဇိုရမ်ပြည်နယ်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များမှာမူ ကူကီး-ချင်း အမျိုးသားတပ်မတော် (KCNA) အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်ရေးနှိမ်နင်းမှုများကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
Ref : The Times of India
