၃.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အနော်မာ(၁) လမ်းရှိ နေအိမ်တစ်အိမ်တစ်လုံးတွင် မိခင်၊ သမီးနှင့် တူမတို့ကို မိခင်၏ချစ်သူဆိုသူက တူဖြင့်ထုကာ ရွှေငွေများလုယက် ထွက်ပြေးနေသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၃၁ ရက် နံနက် ၈ နာရီခွဲခန့်ကအသက် ၄၆ နှစ်အရွယ် မိခင် ဒေါ်ဖြူ….၏ ချစ်သူဆိုသည့် အသက် ၃၂ နှစ်အရွယ် မင်းခန့်ကို (ခ) မင်းခန့်မှာ နေအိမ်သို့ညလာအိပ်ကာ တည်းခိုစဥ် ချစ်သူဖြစ်သည့်မိခင်ဒေါ်ဖြူ….အား တူဖြင့်ထုရိုက်ကာ ရွှေငွေများ လုယက်ခဲ့ပြီး ဝင်ရောက်တားဆီးသော သမီးနှင့်တူမတို့ကိုပါ တူဖြင့်ထုကာ ရွှေထည်များအပြင် ဖုန်းများကိုပါ လုယူ၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
“အမျိုးသမီးက တရားစခန်းသွားရင်း ယာဥ်မောင်းကောင်လေးနဲ့ ငြိစွန်းတာ။ အိမ်မှာတည်းနေ အိပ်နေကြ။ ဖြစ်တဲ့နေ့က အမေရဲ့အခန်းထဲမှာ ထုရိုက်သံတွေကြားလို့ သမီးနဲ့တူမက သွားကြည့်ရင်း ရွှေတွေယူနေတာတွေ့လို့ သူတို့ကိုပါ တူနဲ့ထုခံလိုက်ရတာ”ဟု အနီးနေသူတစ်ဦးက ပြောသည်။
တူဖြင့် ထုရိုက်ခံရသော မိခင်၏ ဦးခေါင်းနောက်စေ့တွင် ထုရိုက်ဒဏ်ရာ နှစ်ချက်ဖြင့် အသက်အန္တရာယ် စိုးရိမ်ရပြီး သမီးဖြစ်သူတွင် ဦးခေါင်းညာဘက်ခြမ်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ တူမဖြစ်သူတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
ထုဖြင့်ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီးသုံးဦးကို အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကာ ကူညီပေးခဲ့ကြောင်း သိရသည်။
တူဖြင့်ထုရိုက်ပြီး တိမ်းရှောင်နေသော အမျိုးသားမှာ တိုက်ကြီးမြို့၊ လိမ္မော်ခြံကျေးရွာတွင် နေထိုင်သည်ဟု သိရပြီး လတ်တလောတွင် တောင်ဥက္ကလာပမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားကာ စုံစမ်းရှာဖွေနေကြောင်း သိရသည်။
