သက်တံ့
၂. ၈. ၂၀၂၆
ဂရိနိုင်ငံတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက မြေနေရာအများအပြားကို ပျက်စီးစေသည့် တောမီးပေါင်းများစွာကို ငြှိမ်းသတ်ရန် ရုန်းကန်နေရစဉ် တောမီးငြှိမ်းသတ်ရေး ရဟတ်ယာဉ်နှစ်စင်း လေပေါ်တွင် တိုက်မိပျက်ကျမှု ယနေ့ ဖြစ်ပွားခဲ့သည်။
အေသင်မြို့ အနောက်ဘက် စဿာ (Psatha) ဒေသတွင် တောမီးငြှိမ်းသတ်နေစဉ် Bell ရဟတ်ယာဥ် နှစ်စင်း တိုက်မိရာမှ တစ်စင်းမှာ မြေပြင်ပေါ်သို့ ပျက်ကျသွားခဲ့သဖြင့် ယင်းယာဉ်ပေါ်ပါ အဖွဲ့ဝင်များ သေဆုံးခဲ့ရသည်။
ရဟတ်ယာဥ်တစ်စင်းစီတွင် လူနှစ်ဦးစီ လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အခြားတစ်စင်းမှ အဖွဲ့ဝင် နှစ်ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း နောက်ဆုံးရသတင်းများကို ကိုးကား၍ ဂရိမီးသတ်ဌာနက ပြောကြားခဲ့သည်။




ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူများအနက် တစ်ဦးမှာ ဂရိနိုင်ငံသားဖြစ်ပြီး အခြားတစ်ဦးမှာ နိုင်ငံခြားသားတစ်ဦး ဖြစ်သည်။
ရုပ်သံမှတ်တမ်းများတွင် ရဟတ်ပန်ကာချင်း ထိခိုက်မိသည်ဟု ယူဆရပြီးနောက် ရဟတ်ယာဥ်တစ်စင်းမှာ ပေါက်ကွဲကာ မီးဟုန်းဟုန်းတောက်လျက် မြေပြင်သို့ ထိုးဆင်းသွားသည်ကို တွေ့ရသည်။
ဂရိဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) က ဂရိနိုင်ငံသည် တစ်နာရီလျှင် မိုင် ၆၀ အထိ တိုက်ခတ်သည့် လေပြင်းများနှင့်အတူ “ပြင်းထန်သော ရာသီဥတုအခြေအနေများ” ကို ကြုံတွေ့နေရကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။
“ဒီလို အင်အားပါတဲ့ လေပြင်းတွေ တိုက်ခတ်နေချိန်မှာတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ အစီးရေပေါင်းများစွာသော ရဟတ်ယာဥ်တွေတောင် ဘေးကင်းကင်းနဲ့ စေလွှတ်မီးငြှိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက Facebook တွင် ရေးသားခဲ့သည်။
အေသင်မြို့၏ အနောက်မြောက်ဘက် ၇၀ ကီလိုမီတာအကွာရှိ လူကြိုက်များသော ကမ်းရိုးတန်းကျေးရွာ ပေါ်တို ဂျာမီနို (Porto Germeno) ပတ်ဝန်းကျင်တွင် လောင်ကျွမ်းနေသည့် မီးများကို မီးသတ်သမား ၅၀၀ နီးပါးက ငြှိမ်းသတ်နေကြောင်း မီးသတ်ဌာနက ပြောသည်။
ညဘက်တွင် တောင်ပေါ်သို့ မီးကူးစက်သွားပြီးနောက် မီးတောက်များ အေသင်မြို့၏ အနောက်ဘက်စွန်းဒေသများသို့ မရောက်ရှိစေရန် မီးသတ်သမားများက တားဆီးရန် ကြိုးပမ်းနေကြသည်။
ပယ်လိုပွန်နီးစ် (Peloponnese) မြောက်ပိုင်းရှိ အိုင်ဂျီယာလီယာ (Aigialia) တွင်လည်း မီးသတ်သမား ၁၀၀ ခန့်က အခြား မီးလောင်မှုတစ်ခုကို ငြှိမ်းသတ်နေကြသည်။
လူကြိုက်များသော အပန်းဖြေစခန်းတစ်ခုဖြစ်သည့် စီဖာလိုနီးယား (Cephalonia) တွင် စနေနေ့နှောင်းပိုင်းက မီးလောင်ကျွမ်းမှုဖြစ်စဉ်အသစ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
ဂရိသတင်းအေဂျင်စီ ANA ၏ ဖော်ပြချက်အရ စီဖာလိုနီးယားတွင် မီးကို တမင်တကာ စတင်ရှို့ယူခဲ့သည်ဟု သံသယရှိသဖြင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့သည်။
ကော်ရင်သ်ကွေ့ (Gulf of Corinth) နှင့် ပေါ်တို ဂျာမနို ဒေသများကို ရိုက်ခတ်ခဲ့သည့် သီးခြားတောမီးများကြောင့် ဟက်တာ ၆,၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း အမျိုးသား မိုးလေဝသစောင့်ကြည့်ရေးဌာန၏ ရာသီဥတုဆိုင်ရာ အချက်အလက်များအရ ပဏာမ ခန့်မှန်းထားသည်။
မိုးလေဝသ အခြေအနေများမှာ “အဓိကအားဖြင့် မြောက်ဘက်မှ တိုက်ခတ်သော လေပြင်းများကြောင့် ဖြစ်သော်လည်း ယခင်နေ့များနှင့် ယှဉ်လျှင် အတန်ငယ် အားပျော့သွားခဲ့သည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။
Ref: Telegraph
