၂.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ကျောက်တန်းမြို့မစျေးတွင် စျေးရောင်းသူ ရပ်ထားသော ဘတ္ထရီ (ဘက်ထရီ) စက်ဘီးကို သော့ဖြုတ်ကာ ခိုးယူရန်လုပ်ဆောင်နေသော အသက် ၇၀ အရွယ် အဘိုးအိုကို စျေးတာဝန်ရှိသူများက သြဂုတ်လ ၁ ရက် နံနက် ၈ နာရီခွဲတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကျောက်တန်းမြို့မစျေးအနောက်ဘက်ခြမ်းတွင် စျေးရောင်းသူတစ်ဦးစီးလာသော ဘတ္ထရီစက်ဘီးကို သော့တန်းလန်းဖြင့် ရပ်နားထားခဲ့ရာမှ အသက် ၇၀ အရွယ် အဘိုးအို ဦးဘုန်းပြည့်အောင်က သော့ဖြုတ်ယူပြီး အိတ်ထဲထည့်ကာ ဘတ္ထရီစက်ဘီးအနား ကပ်နေသဖြင့် မသင်္ကာ၍ စျေးတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရှာဖွေချက်များအရ အဘိုးအိုထံမှ ဖြုတ်ယူထားသော ဘတ္ထရီစက်ဘီးသော့ အပါအဝင် သော့အတုမျိုးစုံ၊ သော့ဖြတ်ကိရိယာများကို တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ကြောင်း သိရသည်။
ဘတ္ထရီစက်ဘီးသော့ ခိုးယူသည့် အသက် ၇၀ အရွယ် ဦးဘုန်းပြည့်အောင်မှာ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေပုဒ်မ-၆၁(င)ဖြင့် ကျောက်တတန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။
“ကျောက်တန်းမှာလည်း ဘတ္ထရီစက်ဘီးတွေ၊သုံးဘီးဆိုင်ကယ်တွေပျောက်တာ ကြားရတယ်၊ ဒီပစ္စည်းတွေက အလုံးလိုက်လည်း ပဲဖြစ်ဖြစ်စက်ပစ္စည်းကို ဖြုတ်ရောင်းလည်း ရောင်းလို့၊ ဝယ်လို့ လွယ်သလို၊ ပေါင်ဖို့လည်း အဆင်ပြေတော့ စျေးအရမ်းသက်သာနေတယ်ဆိုရင် ခိုးလာတဲ့ပစ္စည်းတွေကို ကိုယ်တိုင်ဝယ်မိမှာစိုးလို့ ဝယ်ဖို့ကို သတိထားသင့်တယ်”ဟု ကျောက်တန်းဒေသခံတစ်ဦးကဆိုသည်။
