၃၁. ၇.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ (၂)၊ နိဗ္ဗာန်လမ်းရှိ ဂျပန် ကားအပိုပစ္စည်းအရောင်းဆိုင်တွင် ကားပစ္စည်းစျေးကြီးမှုကိစ္စဖြင့် စကားများသည်ကို မကျေနပ်၍ ဆိုင်ရှင်လင်မယားအား စျေးဝယ်သူက ဓားဖြင့်ထိုးသတ်မှုဇူလိုင်လ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ ကျုးလွန်သူကို အချိန်တိုအတွင်း ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဓားဖြင့်အထိုးခံရသူမှာ ဂျပန်ကားအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်ညို (ခ) ကိုဖိုးတုတ်နှင့် အသက် ၅၇ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥတို့ဖြစ်ပြီး ဇနီးသည်၏ ဘယ်ဘက်လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် ရွှေညောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ပိုင်ရှင် ဦးခင်မောင်ညိုတွင် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ညာမျက်လုံးအောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ဦးခေါင်းထိပ် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
“တာဝန်ရှိသူတွေက ဆိုင်ရှင်လင်မယားကို သွေးအိုင်ထဲလဲနေတဲ့ အခြေအနေနဲ့တွေ့တာ။ ရဲတပ်ဖွဲ့ဝင်တွေက အနီးနားက CCTV တွေနဲ့ အနီးနားက အိမ်တွေကို ရှာဖွေရာကနေ ဓားနဲ့ထိုးတဲ့သူကို တစ်ခြံကျော်အိမ်မှာ တွေ့တာပါ။”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
ကျုးလွန်သူမှာ အသက် ၂၀ အရွယ် သန့်ဇင်ဖြိုးဖြစ်ပြီး မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ(၂)ရှိ ကားဝပ်ရှော့တွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
ကျုးလွန်သူက လွန်ခဲ့သော ၂ ရက်ခန့်က ကားပစ္စည်းလာရောက်ဝယ်ယူရာတွင် စျေးကြီးသည်ဟု ပြောဆိုခဲ့ရာ ဆိုင်ရှင်နှင့်စကားများခဲ့သည့်အပေါ် မကျေနပ်သဖြင့် ဆိုင်ရှင်၏အမျိုးသမီးကို ဓားဖြင့်ထိုးခဲ့ပြီး ဆိုင်ရှင်အမျိုးသားကို ဓားဖြင့်ထပ်မံထိုးရာ ပြန်လည်ခုခံသဖြင့် ဓားကွေးကောက်ခဲ့ရာ အနီးတွင်ရှိသော ဒူးဆစ်(ကားအပိုပစ္စည်း)ဖြင့် ထပ်မံ ရိုက်နှက်ခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။
ဓားဖြင့်ထိုးသတ်သူ သန့်ဇင်ဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် ရွှေညောင်မြို့မရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။
