


၂၆.၇.၂၀၂၆
Written by Linn Eain
YBS ခရီးသည်တင်ယာဉ် ၁၀ စီးသည် သတ်မှတ်လမ်းကြောင်းများအတိုင်း ပြေးဆွဲမှုမရှိဘဲ စက်ရုံဖယ်ရီပြေးဆွဲနေသဖြင့် မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့(CNG) ဝယ်ယူဖြည့်သွင်းခွင့် ရာသက်ပန်ပိတ်သိမ်းအရေးယူကာ ၎င်းမော်တော်ယာဉ် နံပါတ်များကို CNG ဆိုင်များ အားလုံးတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် YBS ခရီးသည်တင်ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ CNG အား တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သို့သော် အချို့သော YBS ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမပြုဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ YBS ခရီးသည်တင်ယာဉ် ၁၀ စီးသည် စက်ရုံတွင် ဖယ်ရီပြေးဆွဲနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ YBS ယာဉ် ၁၀ စီးအား ဇူလိုင် ၂၅ ရက်က စတင်၍ ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ရောင်းချပေးသည့် တစ်ကီလိုဂရမ် ၂၇၃ ကျပ် ၂၅ ပြားစျေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် ဈေးနှုန်းအချိုသာဆုံးဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ဝယ်ယူခွင့်စာအုပ်ပါရှိသည့် ယာဉ်များကိုသာ ဓာတ်ငွေ့ဖြည့်သွင်းရောင်းချပေးခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (Owner Book)တွင် CNG သုံးယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှ CNG တံဆိပ်တုံး မှတ်ပုံတင်ပြီးမှသာ CNG ယာဉ် နှစ်ပတ်လည်သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် CNG ယာဉ်များအနေဖြင့် အခြားယာဉ်များသို့ တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း ကျူးလွန်သည့်ယာဉ်များအား ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်း အရေးယူလျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူလူထု သက်သာချောင်ချိရေးအတွက် အမှန်တကယ်ဆောင်ရွက်မည့်လုပ်ငန်းရှင်များကိုသာ CNG အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
