
သက်တံ့
၂၆.၇. ၂၀၂၆
ဂျာမနီနိုင်ငံမြောက်ပိုင်း၊ Lower Saxony ပြည်နယ်ရှိ မိသားစုတစ်စုနေ အိမ်တစ်အိမ်ပေါ်သို့ လေယာဉ်ငယ်တစ်စင်း ဝင်တိုက်မိ ပျက်ကျခဲ့မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးသွားခဲ့မှု စနေနေ့ (ဇူလိုင် ၂၅ ရက်) တွင် ဖြစ်ပွားခဲ့သည်။
ဘရီမန်းမြို့ (Bremen) အနီး ဂန်ဒါကီးဆီးမြို့ (Ganderkesee) တွင် လေယာဉ်အတွင်းမှ ရုပ်အလောင်းနှစ်လောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့သည်။ လေယာဥ်မှာ အီတလီနိုင်ငံထုတ် Tecnam P2010 TDI အမျိုးအစား အင်ဂျင်တစ်လုံးတပ် (Single-engine)၊ အပန်းဖြေခရီးသွား အရပ်ဘက်သုံး လေယာဉ်အသေးစား (Light Aircraft) ဖြစ်ပြီး သေဆုံးသူနှစ်ဦးမှာ အသက် ၆၅ နှစ်နှင့် ၇၇ နှစ်အရွယ် ဘရီမန်းမြို့ခံ အမျိုးသားနှစ်ဦးဖြစ်သည်။
လေယာဉ်က အိမ်ခေါင်မိုးထိပ်ပိုင်းနားကို ဝင်တိုက်မိ ပျက်ကျစဉ် အိမ်သူအိမ်သားများ နေအိမ်တွင် ရှိမနေခဲ့ပေ။ ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် မတော်တဆဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် ကြိုတင်ကာကွယ်သည့်အနေဖြင့် လေယာဉ်ပျက်ကျသည့်နေရာ၏ မီတာ ၁၀၀ (ပေ ၃၃၀) ပတ်လည်အတွင်းရှိ ဒေသခံများကို နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့သည်။ အများပြည်သူအတွက် ဘေးအန္တရာယ်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ ရဲတပ်ဖွဲ့အင်အားအများအပြား ချထားခဲ့သည်။
Ref: SCMP
