နေမိုး
၂၅. ၇. ၂၀၂၆
NUG ဩဇာခံ PDF များ ထကြွသောင်းကျန်း သတ်ဖြတ်နေမှုကြောင့် ခရီးသွားများ မလာတော့သလောက်ဖြစ်ကာ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်မပြေဖြစ်နေသော ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံညောင်ဦးတွင် PDF များက အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် လက်နက်မဲ့ပြည်သူငါးဦးကို ပစ်ခတ်သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၂၄ရက် နံနက် ၆ နာရီကျော်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာရှိ ကုန်စုံဆိုင်တစ်ခုတွင် နံနက်ခင်းအချိန် စုဖွဲ့ထိုင်ပြီး စကားပြောနေသော တောင်ဘီကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးနှင့် ကျေးရွာသား (၄)ဦးတို့ကို ဆိုင်ကယ်သုံးစီးဖြင့်ရောက်လာသော PDF ၆ ဦးက သေနတ်သုံးလက်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အသက် (၄၈)နှစ်အရွယ် စည်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးမှာ နဖူးဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ အသက် (၃၅)နှစ်အရွယ် ဦးသက်လွင်ဦးမှာ လည်ပင်းဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ အသက် (၃၆)နှစ်အရွယ် ဦးကျော်ဝင်းသူမှာ ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ အသက် (၄၁)နှစ်အရွယ်ရှိ ဦးမင်းထွန်းမှာ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်စသည့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။ သို့သော် ဦးအောင်မျိုးသက်ဆိုသူမှာ ယာပါး ပေါက်ပြဲဒဏ်ရာ (၁)ချက်နှင့် ဝဲလက်ဖျံရိုးကျိုးဒဏ်ရာ (၁)ချက်သာ ဒဏ်ရာရရှိခဲ့သဖြင့် မစိုးရိမ်ရအခြေအနေဖြင့် ကုသမှုခံယူနေကြောင်း သိရသည်။

ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သလို ပြည်တွင်းပြည်ပ ခရီးသွားများကိုသာ အမှီပြုစားသောက်ရသော ဒေသဖြစ်သော်လည်း ယမန်နှစ် ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ဖြစ်သည့် ပုဂံပြည်ဘီလူးတပ်မှ PDF များက ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ခရီးသွားပြည်သူများကို ပြန်ပေးဆွဲကာ ကျပ်သိန်းထောင်ချီဖြင့် ပြန်ရွေးခိုင်းခြင်း၊ ဆက်ကြေးကောက်ခြင်းများ အလွန်အကျွံ ကျူးလွန်လာသည့်အပြင် တစ်နှစ်ခွဲအတွင်း လူ ၃၀ ခန့် သတ်ဖြတ်ခံရပြီးနောက် ခရီးသွားမဝင်သလောက်ဖြစ်လာသဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။

