သက်တံ့
၂၅. ၇. ၂၀၂၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးပြင်ပ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ယိက လွန်ခဲ့သည့် မေလအတွင်း ဘေဂျင်းမြို့၌ ပြုလုပ်ခဲ့သော နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကြီးမားသော အောင်မြင်မှုများနှင့် ပိုမိုလျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုများဆီသို့ ဦးတည်သည့် အဆင့်သစ်တစ်ခုသို့ တက်လှမ်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။
လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ရုရှားနိုင်ငံ၏ နိုင်ငံတော်ဒူးမားလွှတ်တော် (State Duma) ရွေးကောက်ပွဲတွင် အောင်မြင်မှုများရရှိပါစေကြောင်း တရုတ်နိုင်ငံက ဆုမွန်ကောင်းတောင်းအပ်ပြီး ရုရှားပြည်သူများအနေဖြင့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်မှုအပေါ် ခိုင်မာစွာ ထောက်ခံအားပေးပါကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
ယခုနှစ်သည် “တရုတ်-ရုရှား အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ပျက်ယွင်းမှုမရှိရေး စာချုပ်” ချုပ်ဆိုခြင်း ၂၅ နှစ်မြောက် ငွေရတုနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထူထောင်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြစ်ကြောင်း ထောက်ပြပြောဆိုရင်း အဆိုပါ စာချုပ်သည် နိုင်ငံချင်းဆက်ဆံရေးနှင့် မဟာနိုင်ငံကြီးများအကြား ဆက်ဆံရေး ပုံစံသစ်၏ စံနမူနာကောင်းတစ်ခု ဖြစ်လာစေရေးအတွက် နှစ်နိုင်ငံလုံးကို လမ်းညွှန်ပြသပေးခဲ့ကြောင်း ဝမ်ယိက ဆိုသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သည် အပြည်ပြည်ဆိုင်ရာ လွှမ်းမိုးမှု ပိုမိုကြီးထွားလာသည်နှင့်အမျှ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အားကောင်းသော အင်အားတစ်ရပ်ဖြစ်လာကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းထောက်ခံသွားကြရန်၊ “ရှန်ဟိုင်းစိတ်ဓာတ်” ကို ဆက်လက်လက်ဆုပ်လက်ကိုင်ပြုသွားရန်နှင့် ကမ္ဘာ့အုပ်ချုပ်ရေးယန္တရား ပြုပြင်မွမ်းမံရေးနှင့် လူသားထု၏ အနာဂတ်မျှဝေခံစားရေး အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အင်အားသစ်များ ဖြည့်ဆည်းပေးသွားရန် ဝမ်ယိက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အတူ တရုတ်နှင့် ရုရှားနိုင်ငံတို့အနေဖြင့် မဟာဗျူဟာမြောက် ပေါင်းစပ်ညှိနှိုင်းမှုများကို မြှင့်တင်ရန်၊ ဒုတိယကမ္ဘာစစ်၏ ရလဒ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဂျပန်နိုင်ငံအား စစ်ရေးပြန်လည်အင်အားချဲ့ထွင်ခွင့်ဘယ်သောအခါမျှ မပေးရန် ဝမ်ယိက ပြောကြားခဲ့ပြီးရုရှားနိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ၏ “တရုတ်နှစ်” အခမ်းအနားများကို ဆက်လက်ထောက်ခံသွားမည်ဟု မျှော်လင့်ကြောင်းနှင့် ကုလသမဂ္ဂ အပါအဝင် ဗဟုပါက္ခ မူဘောင်များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန် ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လဗ်ရော့ဗ်ကလည်း နိုင်ငံ့ခေါင်းဆောင်များ၏ သံတမန်ရေးရာ အပြန်အလှန်ဆက်ဆံမှုသည် ရုရှား-တရုတ် ဆက်ဆံရေး၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ပူတင်၏ ယခုနှစ် တရုတ်နိုင်ငံခရီးစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား အကြိမ် ၅၀ ကျော် တွေ့ဆုံခဲ့မှုတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အမြင့်သစ်တစ်ခုသို့ စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း လဗ်ရော့ဗ်က ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံမှ ကမ္ဘာ့ဉာဏ်ရည်တု (AI) ညီလာခံကို အောင်မြင်စွာ အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် ကမ္ဘာ့ AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ပလက်ဖောင်းမှတစ်ဆင့် နည်းပညာ၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း အသိပေးပြောကြားခဲ့သည်။
Ref: Xinhua
