
၂၀. ၇ .၂၀၂၆
Written by Thiri
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းမှာ ကာလတန်ဖိုး ကျပ် ၃ သိန်းကျော်တန်ဖိုးရှိတဲ့ ရထားသံလမ်းထိန်းကလစ် အခု ၁၀၀၀ ကျော် ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုက သံလမ်းထိန်းကလစ်တွေကို ကျောက်ခဲနဲ့ထုပြီး ခိုးယူခဲ့ကြတဲ့ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေးငယ် ၁၀ ဦးနဲ့ တရားမဝင် လက်ခံဝယ်ယူထားတဲ့ သံတိုသံစဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးတို့ကို သက်သေခံပစ္စည်းအချို့နဲ့အတူ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက မြန်မာ့မီးရထား သံလမ်းတာဝန်ခံဟာ တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းကို စစ်ဆေးနေစဉ် ရေထွက်ဦးဘူတာနဲ့ ထီသိမ်ဘူတာအကြားမှာ ရထားသံလမ်းထိန်းကလစ် စုစုပေါင်း ၁,၀၆၁ ခု ခိုးယူခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး တောင်ကြီးနယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ အခင်းဖြစ်နေရာအနီးမှာ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်က ကလေးငယ်တွေ သံထိန်းကလစ် ဖြုတ်နေတာကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ဘုရားဖြူရပ်ကွက်အတွင်း နေထိုင်ကြတဲ့ ရွေးထင် (ခ) တီးယို အပါအဝင် ကလေးငယ် ၁၀ ဦးကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးချက်အရ ၎င်းကလေးငယ် ၁၀ ဦးဟာ သံလမ်းထိန်းကလစ်တွေကို ကျောက်ခဲတွေနဲ့ထုပြီး ဖြုတ်ယူခဲ့ကြကာ ဘုရားဖြူရပ်ကွက် ဩတချောင်း ဧည့်ရိပ်သာလမ်းမှာရှိတဲ့ သံတိုသံစ ရောင်းဝယ်ရေးဆိုင်မှာ တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်နှုန်းနဲ့ သွားရောက်ရောင်းချခဲ့ကြောင်း ကနဦး စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်တွေရဲ့ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့က သံတိုသံစဆိုင်ပိုင်ရှင် ဦးဝင်းလှိုင်ဦးရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ ၎င်းက တစ်ပိဿာ ၂,၀၀၀ ကျပ်နဲ့ ဝယ်ယူထားတာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုပြီး ခိုးယူခံရတဲ့ သံလမ်းထိန်းကလစ် ၂၇၉ ခုကို ပြန်လည်အပ်နှံခဲ့ပါတယ်။ သံလမ်းထိန်းကလစ်တွေ ခိုးယူခဲ့တဲ့ ကလေးငယ် ၁၀ ဦးဟာ အသက် ၁၀ နှစ်မှ ၁၆ နှစ်အရွယ်သာ ရှိသေးတာကြောင့် ရဲစခန်းမှူးရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားရှိပြီး၊ ကလေးသူငယ်ဥပဒေနဲ့ သီးခြားတရားစွဲဆိုသွားဖို့ ဆောင်ရွက်နေတယ်လို့ သိရှိရပြီး သံတိုသံစဆိုင်ပိုင်ရှင် ဦးဝင်းလှိုင်ဦးကိုတော့ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရထားလမ်းပိုင်း ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ သံလမ်းထိန်းကလစ်တွေကို ခိုးယူခဲ့တဲ့ ကလေးငယ် ၁၀ ဦးနဲ့ လက်ခံဝယ်ယူသူ ဆိုင်ပိုင်ရှင်တို့ကို တောင်ကြီးနယ်မြေရဲစခန်းက ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ သက်သေခံပစ္စည်းများ အားလုံး ပြန်လည်ရရှိရေးနဲ့ နောက်ဆက်တွဲ ကွင်းဆက်အမှုတွေကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။
