၁၈.၇.၂၀၂၆
Written by Linn Eain
အိန္ဒိယနိုင်ငံ၏ Federalism စနစ်နှင့် ပတ်သက်၍ လေ့လာလိုပြီး လွှတ်တော်အချင်းချင်း ရင်းနှီးစွာထိတွေ့ ဆောင်ရွက်ရေးကဏ္ဍအား တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့အား ဇူလိုင် ၁၇ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့ နိုင်ငံတွင် လွှတ်တော်နှစ်ရပ်ရှိသဖြင့် အိန္ဒိယနိုင်ငံနှင့် လွှတ်တော်ဖွဲ့စည်းမှုတူညီကြောင်း၊ မိမိတို့လွှတ်တော်တွင် လွှတ်တော်ငယ်များဟု တင်စားခေါ်ဆိုသည့် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားကြောင်းနှင့် လွှတ်တော်ရေးရာ ဆောင်ရွက်နေမှုများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ တစ်ဆင့်တက်ဆောင်ရွက်ရန် ဆန္ဒရှိပြီး အိန္ဒိယနိုင်ငံ၏ Federalism စနစ်နှင့် စပ်လျဉ်း၍ လေ့လာလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံ အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိသည့်အတွက် လွှတ်တော်အချင်းချင်းလည်း ရင်းနှီးစွာထိတွေ့ ဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့အနေဖြင့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ကဏ္ဍစုံတွင် အဓိကထား ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသည် မိမိတို့လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဟု မှတ်ယူထားကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတို့နှင့် ယခင်ကပင် ပုဂ္ဂိုလ်ရေးရင်းနှီးမှုများရှိကြ၍ ထပ်မံတွေ့ဆုံရသည်ကို ဝမ်းသာကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင်ရေးနှင့်ပတ်သက်ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေးကိုလည်း အကူအညီ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ပွင့်ဆန်း၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဒေါ်အေးမြမြကြိုင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့်အတူ အိန္ဒိယကမ္ဘာ့ရေးရာ ကောင်စီ ခေတ္တအကြီးအကဲ Mr. N J Gangte နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖယ်ဒရယ်စနစ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ” Lecture Series on Constitutionalism and Federalism 3.0 ” ကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
