၁၇.၆.၂၀၂၆.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ဝန် အိုဆဲဟွန်းအား ၂၀၂၁ ခုနှစ် မြို့တော်ဝန်ရွေးကောက်ပွဲမတိုင်မီ ရရှိခဲ့သော ထင်မြင်ချက်စစ်တမ်းများနှင့် ဆက်စပ်၍ တရားမဝင် နိုင်ငံရေးရန်ပုံငွေများလက်ခံမှုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ရန် အထူးအကြံပေးအဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၇ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
အထူးအကြံပေးအဖွဲ့ မင်ဂျူံကီ Min Joong-ki က ဒီဇင်ဘာလတွင် အို အား နိုင်ငံရေးရန်ပုံငွေ အက်ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုပြီးနောက် ဆိုးလ်ဗဟိုခရိုင်တရားရုံးတွင် ဝမ် ၃၃ သန်း (အမေရိကန်ဒေါ်လာ ၂၁,၈၀၀) သိမ်းဆည်းရန်လည်း တောင်းဆိုခဲ့သည်။
အိုသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ၎င်းအနိုင်ရရှိခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီတွင် ၎င်း၏ နိုင်ငံရေးထောက်ခံသူ ကင်ဟန်ဂျွန်အား အာဏာပွဲစား မြောင်တေးကျွန်းထံမှ ၁၀ ကြိမ်တိုင်တိုင် ရရှိခဲ့သော ထင်မြင်ချက်စစ်တမ်းရလဒ်များအတွက် ငွေပေးချေစေခဲ့သည်ဟု သံသယရှိခံထား ရသည်။
“ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးအနေဖြင့် နိုင်ငံရေးရန်ပုံငွေဥပဒေကို အခြားမည်သူထက်မဆို ပိုမိုလိုက်နာနိုင်သည့် အနေအထားတွင် ရှိနေသော်လည်း၊ မြို့တော်ဝန် အိုသည် ဥပဒေလုပ်ထုံးလုပ်နည်းများကို မလိုက်နာဘဲ နိုင်ငံရေးလှုပ်ရှားမှုများနှင့် နီးကပ်စွာ ဆက်စပ်နေသော ထင်မြင်ချက်စစ်တမ်းများ၏ ကုန်ကျစရိတ်များအတွက် တတိယလူတစ်ဦးကို ငွေပေးချေစေခြင်းဖြင့် နိုင်ငံရေးရန်ပုံငွေများ၏ ပွင့်လင်းမြင်သာမှုကို သေချာစေသည့် ဥပဒေပြုရေးရည်ရွယ်ချက်ကို ထိခိုက်စေခဲ့သည်” ဟု အဖွဲ့က ပြောကြားခဲ့သည်။
အဖွဲ့က အမှုတွင် တရားစွဲဆိုခံထားရသည့် အိုအား ထောက်ခံသူ ကင်နှင့် ဆိုးလ်မြို့ ဒုတိယမြို့တော်ဝန်ဟောင်းကန်ချယ်လ်ဝမ်တို့အတွက်လည်း ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ရန် တောင်းဆိုခဲ့သည်။
အို ကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဇွန်လ ၁၇ ရက် တရားရုံးသို့ ရောက်ရှိလာချိန်တွင် အထူးအကြံပေးအဖွဲ့အနေဖြင့် ဤအမှုတွင် နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲ ခဲ့သည်။
ဆိုးလ်မြို့တော်ဝန် အိုဆဲဟွန်းအား ဆိုးလ်မြို့တောင်ပိုင်းရှိ ဆိုးလ်ဗဟိုခရိုင်တရားရုံးတွင် ထင်မြင်ချက် စစ်တမ်းများအတွက် ကိုယ်စားလှယ်ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်ဟု သံသယရှိမှုဖြင့် ဇွန်လ ၁၇ ရက် တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
Ref; Yonhap
