သက်တံ့
၁၀. ၆. ၂၀၂၆
မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ရန်ကုန်တွင် အမေရိကန်သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ရန်ကုန်မြို့ရှိ သံတမန်အသိုင်းအဝိုင်းကမူ ယင်းစုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောဆိုသည်။
ထိုင်းနိုင်ငံရှိ အမေရိကန်အရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့က ယခုဖြစ်စဉ်နှင့်ပတ်သက်သည့် မေးခွန်းများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့သာ လွှဲပြောင်းညွှန်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရန်ကုန်မြို့ရှိ သံရုံးတွင် တာဝန်ထမ်းဆောင်နေသော “အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး သေဆုံးမှု” ရှိခဲ့ကြောင်း အတည်ပြုသော်လည်း အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။
”သေဆုံးသူရဲ့ မိသားစုနဲ့ အနီးကပ်ဆွေမျိုးသားချင်းတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို လေးစားတဲ့အနေနဲ့ လောလောဆယ်မှာ အခြားအချက်အလက်တွေ ထပ်မံထုတ်ပြန်ပေးဖို့ မရှိသေးပါဘူး” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။
ယခုဖြစ်စဉ်ကို တရားဝင်ထုတ်ဖော်ပြောဆိုခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ် သုံးဦး၏ ပြောပြချက်အရ အဆိုပါ အမေရိကန်သံတမန်အမျိုးသားကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဆာကူရာရက်စီးဒင့်ဟိုတယ် (Sakura Residence & Hotel) တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု South China Morning Post က ယနေ့ဖော်ပြသည်။
အဆိုပါ ဆာကူရာရက်စီးဒင့်သည် ကာလရှည်ငှားရမ်း နေထိုင်နိုင်သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားနိုင်ငံတကာခရီးသွားများအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်သည်။ ထို့ပြင် အမေရိကန်သံရုံးနှင့် ၁ ဒသမ ၅ ကီလိုမီတာ (၁ မိုင်ခန့်) ခွာဝေးသောနေရာတွင် တည်ရှိသည်။
ရဲတပ်ဖွဲ့အနေဖြင့် ဤဖြစ်စဉ်ကို လူသတ်မှုဖြစ်နိုင်ခြေရှိသည်ဟု ယူဆကာ သံသယရှိသူ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: SCMP
