



၉.၆.၂၀၂၆
Written by Nay Yaung Lin
စုံမစနစ် ကန့်သတ်မောင်းနှင်ရသည့် စနစ်အရ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု၊ ကျန်းမာရေးနှင့် အခြားအရေးကြီးကိစ္စရပ်များ၊ ကျောင်းအကြိုအပို့ကိစ္စရပ်အပါအဝင် အဖက်ဖက်မှ မော်တော်ယာဉ်သုံးစွဲမှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဇွန် ၉ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် မော်တော်ယာဉ် စုံ/မစနစ်ဖြင့် ကန့်သတ်ထားမှုအား ပယ်ဖျက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းပြီး ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ” စက်သုံးဆီများ ခြိုးခြံချွေတာမှုကျင့်သုံးခဲ့တဲ့ စနစ်အရ မော်တော်ယာဉ်များ စုံမစနစ် နံပါတ်အလိုက် နေ့အလိုက် ကန့်သတ်မောင်းနှင်ရသည့် စနစ်များအရ အလွှာစုံပြည်သူများမှာ အခက်အခဲများနဲ့ ကြုံတွေ့နေရပါတယ်။ ဥပမာ ကုန်စည်စီးဆင်းမှုများတွင်လည်းကောင်း၊ ပြည်သူများခရီးသွားလာရာတွင် မော်တော်ယာဉ် စုံမစနစ်ကန့်သတ်မှုများကြောင့် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့်သော်လည်းကောင်း၊ မိဘပြည်သူ မိသားစုများကျန်းမာရေး၊ အခြားအရေးကြီးကိစ္စရပ်များ အသုံးပြုရန်ရှိလျှင်သော်လည်ကောင်း၊ လူမှုစီးပွားနယ်ပယ်များတွင်လည်းကောင်း၊ ကျောင်းဖွင့်ရက်မိဘများ မိမိတို့ကလေးများကို ကျောင်းအကြိုအပို့ပြုလုပ်ရာတွင်လည်းကောင်း အဖက်ဖက်မှ မော်တော်ယာဉ်သုံးစွဲရန်အတွက် အခက်အခဲများနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ် ” ဟု မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ် QR ဖတ်သည့်စနစ်၊ ကီလိုမှတ်သားခြင်း စနစ်များဖြင့် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ခွဲတမ်းများအတိုင်း ထိန်းချုပ်ရောင်းချပေး နေမှုများကြောင့် နိုင်ငံ၏စက်သုံးဆီသုံးစွဲများမှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်နေပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စုံမစနစ်ပယ်ဖျက်ရန် ရှိ၊ မရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က မေးမြန်းခဲ့သည်။
“စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ် QR ဖတ်သည့်စနစ်၊ ကီလိုမှတ်သားခြင်းစနစ်များဖြင့် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ခွဲတမ်းများအတိုင်း ထိန်းချုပ်ရောင်းချပေးနေမှုများကြောင့် နိုင်ငံ၏စက်သုံးဆီသုံးစွဲများမှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်နေပြီဖြစ်၍ အများပြည်သူများ နေ့စဉ်သွားလာမှုလွယ်ကူစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်၊ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေချောမွေ့မှသာ ကုန်စျေးနှုန်းကျဆင်းပြီး တည်ငြိမ်နေမည်ဖြစ်ရာ မော်တော်ယာဉ်များ စုံမကန့်သတ်ချက်များဖြင့် မောင်းနှင်နေမှုအား အများပြည်သူများ၏ အကျိုးကို ရှေ့ရှုသောအားဖြင့် ပြန်လည်ပယ်ဖျက်ပေးရန် အစီအစဉ်ရှိမရှိ၊ အစီအစဉ်များရှိပါက မည်သည့်အချိန်ကာလတွင် ပယ်ဖျက်ပေးသွားမည်ကို သိရှိလိုပါတယ်။ အစီအစဉ်များမရှိပါက အဘယ်ကြောင့်မရှိသည်ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ် ” ဟု ဦးသိန်းနိုင်က မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ဖြေကြားခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့အသိပေးကြေညာချက်အား ကိုးကား၍ ဖြေကြားခဲ့ကြောင်း သိရသည်။
“မော်တော်ယာဉ်များ စုံမကန့်သတ်ချက်ဖြင့် မောင်းနှင်မှုသတ်မှတ်ချက်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့အသိပေးကြေညာချက်ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် နိုင်ငံတစ်ဝှမ်းလုံးသို့ စည်ကမ်းသတ်မှတ်ချက်များ ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ တစ်စုံတစ်ရာထုတ်ပြန်မှုမရှိသည့်အချိန်ထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးကြေညာထားရှိမှုအား လွှတ်တော်ဥက္ကဋ္ဌကြီးများမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ် ” ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ဖြေကြားခဲ့သည်။
