၉.၄.၂၀၂၆
Written by Nay Yaung
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်း လွှတ်တော်ကော်မတီ(၁၀)ခု ဖွဲ့စည်းရန် အဆိုပြုမှုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
အဆိုပါကော်မတီ ၁၀ခုမှာ (၁) ဥပဒေကြမ်းကော်မတီ၊ (၂) ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီ၊ (၃)လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များ၊ တာဝန်ခံချက်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၊ (၄) တိုင်းရင်းသားလူမျိုးများအရေး၊ စည်ပင်သာယာရေးနှင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ (၅) တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ရေးကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးကော်မတီ၊ (၆)ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးကော်မတီ၊ (၇)ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုရေးရာ ကော်မတီ တို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ (၈)စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် ကျေးလက်ဆိုင်ရာကော်မတီ၊ (၉)သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာကော်မတီ၊ (၁၀) လူငယ်နှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီတို့ဖြစ်ကြောင်း သိရသည်။
ယင်း လွှတ်တော်ကော်မတီများတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေနှင့် အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်စာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဌေးအောင်က တိုင်းလွှတ်တော်သို့ အဆိုပြု တင်ပြခဲ့သည်။
ယင်းနောက် အထက်ပါကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီ(၁၀)ခုတွင် ကော်မတီတစ်ခုလျှင်အဖွဲ့ဝင်ဦးရေ ၁၁ ဦးမှ ၁၅ ဦးစီဖြင့် ပါဝင်ဖွဲ့စည်းကာ ကော်မတီတစ်ခုလျှင် ဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ဦးအနက် ၁၂၁ ဦးတက်ရောက်ခဲ့ပြီး ၂ ဦး ခွင့်ပန်ကြားခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
