◾️ရွေးကောက်ပွဲတွင် လူငယ်လူရွယ်များ များပြားစွာပါဝင်ဆန္ဒမဲပေးကြခြင်းကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်
◾️အသိပညာအားနည်းပါက လူကောင်းများနည်းပါးစေပြီး နိုင်ငံညီညွတ်ရေး ထိခိုက်ပျက်ပြားစေသဖြင့် မြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့် လူငယ်လူရွယ်များ များပြားလာရန်လိုအပ်
၁၃. ၁. ၂၀၂၆
Written by Nyein Kyaw
ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်များကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေပေးနိုင်မှသာ မိမိတို့တာဝန်ကျေလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂ဝ၂၆” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ယနေ့ နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသည့် ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်များကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေပေးနိုင်မှသာ မိမိတို့တာဝန်ကျေလိမ့်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် အတိတ်သမိုင်းကို သင်ခန်းစာယူပြီး မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်တတ်ရန်နှင့် လောကကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့၏အတွေးအမြင်များကို ဖော်ထုတ်ပြီး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးသည် နိုင်ငံအတွင်း နေထိုင်သူအားလုံးနှင့် သက်ဆိုင်ခြင်းကြောင့် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်လည်းဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံ၏ အမျိုးသားရေးကိစ္စများတွင် လူငယ်များတက်တက်ကြွကြွ ပါဝင်လာနေကြသည်ကိုတွေ့ရသဖြင့် ကျေးဇူးတင် ဝမ်းမြောက်သည်ကိုလည်း ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
လူငယ်ဟု အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိကို လူငယ်ဟု သတ်မှတ်ထားပြီး ၁၅ နှစ်မှ ၂၅ နှစ်အထိအရွယ်ကို ပညာသင်ယူလျက်ရှိသည့်အရွယ်၊ ၂၅ နှစ်မှ ၃၅ နှစ်အထိအရွယ်ကို အများအားဖြင့် တတ်မြောက်ထားသည့် ပညာများဖြင့် ရပ်တည်အလုပ်လုပ်ကိုင်နေသည့် လူငယ်များဖြစ်ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။






ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ယခုလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂)တို့တွင် လူငယ်လူရွယ်များ များပြားစွာ ပါဝင်ဆန္ဒမဲပေးကြခြင်းကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လက္ခဏာပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် လူငယ်၊ လူရွယ်များ၏ အခန်းကဏ္ဍကိုမြှင့် တင်ပေးရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အသိပညာအားနည်းပါကလည်း လူကောင်းများနည်းပါးစေပြီး နိုင်ငံ၏ ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့် လူငယ်လူရွယ်များ များပြားလာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် အသိပညာများ တိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
