
သက်တံ့
၁၀. ၁၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရာဇပူရိခရိုင်ရဲ့ နာမည်ကြီး ဒါမ်နုန်းဆာဒူအက် ရေပေါ်ဈေးက ဆိုင်တစ်ဆိုင်မှာ စားသောက်ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပွက်လောရိုက်သွားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ သောကြာနေ့ (ဇန်နဝါရီ ၉ ရက်) မှာ ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။
ကမ္ဘာလှည့်ခရီးသွားတစ်ယောက် တင်လိုက်တဲ့ပို့စ်မှာ “ဘာအသားမှမပါတဲ့ ကြက်ဥကြော်တစ်ပွဲကို ၄၀၀ ဘတ် (ကျပ် ၅၀၀၀၀ ခန့်) ၊ ထမင်းကြော်အကြီးတစ်ပွဲကို ဘတ် ၁,၄၀၀ (ကျပ် ၁၇၅၀၀၀ ခန့်)” ဆိုပြီး ရေးထားတာပါ။ အဲ့ဒီပို့စ်ဟာ Facebook ပေါ်မှာ အရမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။
အဲ့ဒီခရီးသွားမိသားစုဟာ ဘန်ကောက်မြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ရာဇာပူရိခရိုင်က နာမည်ကြီး ရေပေါ်ဈေးကို အလည်သွားခဲ့တာပါ။ စားသောက်ပြီးတဲ့အခါမှာတော့ ဈေးနှုန်းက အဆမတန်ကြီးနေသလို၊ အရည်အသွေးကလည်း စားရတာနဲ့မတန်ဘူးလို့ ဆိုပါတယ်။

“ဟင်းပွဲထဲမှာဆိုရင် ကြက်ဥနဲ့ အသီးအရွက်ပဲ ပါပြီး အသားတစ်ဖတ်တောင် မပါသလို ပမာဏကလည်း ပေးရတဲ့ဈေးနဲ့စာရင် နည်းလွန်းတယ်။ ပိုဆိုးတာက လှေမောင်းတဲ့သူက “ဒီဆိုင်က အကောင်းဆုံးပဲ” ဆိုပြီး ညွှန်းလို့ ဝင်စားမိတာ” လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ သွားစစ်တဲ့အခါ ဆိုင်ရှင်က ဈေးကြီးတာကို ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းပြချက်ကတော့”ဆိုင်ခန်းငှားခ၊ ဝန်ထမ်းခနဲ့ ကုန်ကြမ်းဖိုးတွေက ကြီးလွန်းတယ်။ အဓိက ကတော့ ဧည့်သည်တွေကို လာပို့ပေးတဲ့ လှေသမားတွေကို တစ်ခေါက်ကို ဘတ် ၉၀၀ လောက် ပေးနေရလို့” ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့က လာစားတဲ့ အဲ့ဒီမိသားစုဟာ စားတုန်းကတော့ ဘာမှမပြောဘဲ ပိုက်ဆံရှင်းသွားပြီးမှ အခုလို အွန်လိုင်းပေါ်မှာ တင်လာတာကို အံ့ဩမိတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေရှိလာတဲ့အတွက် ဒီ စနေနေ့ကစပြီး ဈေးလျှော့ပေးမယ်လို့တော့ သဘောတူလိုက်ပါတယ်။

ရာဇာပူရိ ကုန်သွယ်ရေးဦးစီးဌာနကတော့ “ဒါဟာ တော်တော်လေးကို လွန်လွန်ကျွံကျွံ ဈေးတင်တာပဲ” လို့ မှတ်ချက်ပေးထားပါတယ်။
တကယ်လို့သာ ဈေးနှုန်းကြီးမြင့်မှုနဲ့ ငြိစွန်းမယ်ဆိုရင် ဆိုင်ရှင်ဟာ ထောင်ဒဏ် ၇ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀ ဖြစ်စေ၊ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။
ဒီဆိုင်ဟာ မနှစ်ကလည်း ပတ်ထိုင်း (Pad Thai) တစ်ပွဲကို ၉၀၀ ဘတ်နဲ့ ရောင်းလို့ ရှင်းလင်းခဲ့ရဖူးပါသေးတယ်။ အဲ့ဒီတုန်းကလည်း သတိပေးခံရလို့ ၅၀၀ ဘတ်အထိ လျှော့ချခဲ့ရပါသေးတယ်။ ဒါ့အပြင် ဆိုင်ရဲ့ အစားအသောက်စာရင်းမှာလည်း သာမန်ဟင်းတစ်ပွဲဟာ ဘတ် ၉၀၀ အထက်ဖြစ်နေပြီး စျေးများလွန်းနေတာကို တွေ့ရပါတယ်။
အခုတော့ အာဏာပိုင်တွေက ရေပေါ်ဈေးက ဆိုင်တွေအားလုံးကို ဈေးနှုန်းအတိအကျ ကပ်ထားဖို့နဲ့ ဧည့်သည်တွေကို ရိုက်စားမလုပ်ဖို့၊ ဒါမှသာ ခရီးသွားလုပ်ငန်း နာမည်မပျက်မှာဖြစ်ကြောင်း တင်းတင်းကျပ်ကျပ် သတိပေးထားပါတယ်။
Ref. Khaodsod
