၆.၁.၂၀၂၆
Translated by Htwe Ko Tun
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင်က တကယ်လို့သာ အမေရိကန်က နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုကို တိုက်ခိုက်မယ်ဆိုရင် အရာအားလုံးအဆုံးသတ်ရပ်တန့်သွားလိမ့်မယ်လို့ ဇန်နဝါရီလ ၅ ရက်က ပြောကြားခဲ့ပါတယ်။
မက်တီ ဖရက်ဒရစ်ဆင်က “အမေရိကန်ကသာ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မယ်ဆိုရင် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အဆုံးသတ်လည်း ဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာတိတ်ဒေသမှ ဂရင်းလန်းကျွန်းက အမေရိကန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသင့်တယ်လို့ သူ့ရဲ့တောင်းဆိုမှုတွေကို ဇန်နဝါရီလ ၄ ရက်က ထပ်မံအတည်ပြုပြီးနောက်မှာ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ ခုလို ပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်က သတင်းထောက်တွေကို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အတွက် ဂရင်းလန်းကျွန်းကို လိုအပ်တာဖြစ်ပြီး ကျွန်းကို တရုတ်နဲ့ ရုရှားသင်္ဘောတွေ ဝိုင်းရံထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဖရက်ဒရစ်ဆင်ကတော့ “တခြား နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကို အမေရိကန်က တိုက်ခိုက်မယ်ဆိုရင်လည်း အမေရိကန်အစိုးရနဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးရပ်တန့်သွားလိမ့်မယ်။ ဒီမှာ နေတိုးနဲ့ ဒုတိယကမ္ဘာစစ်အပြီး လုံခြုံရေးလည်း အပါအဝင်ပေါ့” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂရင်းလန်းကျွန်းအစိုးရ ဝန်ကြီးချုပ် ဂျန်းစ် ဖရက်ဒရစ် နီလ်ဆန်က အမေရိကန်နဲ့ ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ထူထောင်ဖို တောင်းဆိုခဲ့ပြီး ဂရင်းလန်းကျွန်းသူကျွန်းသားတွေကိုလည်း ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
နီလ်ဆန်က “အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂရင်းလန်းကို သိမ်းပိုက်နိုင်လောက်တဲ့ အခြေအနေမရှိပါ။ ထိုသို့မဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြပါနဲ့။ ကျွန်တော်တို့အကြား တစ်ချိန်က ရှိခဲ့တဲ့ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ထူထောင်ကြတာပေ့ါ” လို့ ဂရင်းလန်းကျွန်းရဲ့ မြို့တော် နူ့က်မြို့ (Nuuk) မှာ ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၄ ရက်က လူမှုမီဒီယာပို့စ်တစ်ခုမှာလည်း သူက ထရမ့်ပ်ကို ဂရင်းလန်းကို သိမ်းပိုက်ဖို့ စိတ်ကူးယဉ်မှုတွေ ကို စွန့်လွှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ထရမ့်ပ်က ထိုကျွန်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပေမယ့် စစ်ရေးအင်အား အသုံးပြုဖို့ ငြင်းဆိုတာ မရှိပါဘူး။ ဂရင်းလန်းကျွန်းမှာ ရေနံ၊ အရေးကြီးတဲ့ သတ္တုတွေနဲ့ အခြားအရင်းအမြစ်များစွာ ရှိပါတယ်။
ဝင်ရိုးစွန်းရေခဲများ အရည်ပျော်မှုကြောင့် အာတိတ်ရေကြောင်း သင်္ဘောလမ်းကြောင်းအသစ်တွေ ဖွင့်လှစ်လာတာနဲ့အမျှ လာမယ့်ဆယ်စုနှစ်တွေမှာ ထိုနယ်မြေရဲ့ စီးပွားရေးအရ အရေးပါမှုလည်း ရှိလာနိုင်ပါတယ်။
ဂရင်းလန်းမှာ အမေရိကန်စစ်စခန်းတစ်ခု ရှိနှင့်ပြီးဖြစ်ပြီး ဒိန်းမတ်အစိုးရကလည်း အမေရိကန်တပ်တွေ ထပ်မံချထားခွင့်ပြုဖို့ ဆန္ဒရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref : DW News
