၆.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်တပ်ဖွဲ့များက ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းအချိန် ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကာ့စ်မြို့ကို ဝင်ရောက်တိုက်ခိုက်ကာ အမေရိကန်ပြည်ထောင်စုသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုနှင့် ဇနီး ဆီလီယာ ဖလိုးစ် တို့ကို မူးယစ်ဆေးဝါးအကြမ်းဖက်မှုနှင့် အခြားစွဲချက်များဖြင့် တရားစွဲဆိုခံထားရပြီးနောက် ဇန်နဝါရီလ ၅ ရက်က နယူးယေ့ာခ်တရားရုံးတွင် ပထမဆုံး ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အမေရိကန်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသော မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလိုးစ်တို့ကို မူးယစ်ဆေးဝါးအကြမ်းဖက်မှု၊ ပူးပေါင်းကြံစည်မှု၊ ကိုကင်းတင်သွင်းမှု ပူးပေါင်းကြံစည်မှုနှင့် လက်နက်ပြစ်မှုများအတွက် တရားစွဲဆိုထားခြင်းဟုလည်း သိရသည်။

ဇန်နဝါရီလ ၅ ရက်က တရားရုံးသို့ရောက်ရှိလာပြီးနောက် မာဒူရိုက ၎င်းအား တရားစွဲဆိုထားချက်များအတွက် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။ အလားတူပင် ဇနီးဖြစ်သူ ပထမအမျိုးသမီး ဆီလီယာ ဖလိုးစ်ကလည်း တရားရုံးစွဲချက်များအတွက် အပြစ်မရှိဟု ပြောကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတဟု မိမိကိုယ်ကိုယ်ခေါ်ဆိုသော မာဒူရိုက ၎င်းအား ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကာ့စ်မြို့ရှိ ၎င်း၏နေအိမ်မှ ပြန်ပေးဆွဲခံရပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာဒူရိုက “တကယ်တော့ ကျွန်တော်က စစ်သုံ့ပန်းပါ” ဟု တရားရုံးတွင် စပိန်ဘာသာဖြင့် ထပ်လောင်းပြောကြားခဲ့သည်။
မာဒူရိုလက်ထက်တွင် ဗင်နီဇွဲလား၏ ဒုတိယသမ္မတဖြစ်သူ ယာယီခေါင်းဆောင် ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ဇန်နဝါရီလ ၅ ရက်ကပင် နိုင်ငံ၏ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အမေရိကန် သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်ကမူ အမေရိကန်သည် ဗင်နီဇွဲလားအတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီး ကြားဖြတ်ခေါင်းဆောင်အား အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ်ပါက အလွန်ကြီးမားသောတန်ဖိုး ပေးဆောင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။
ဆန္ဒပြသူများကလည်း ဗင်နီဇွဲလားတွင် အမေရိကန်၏ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချရန် နယူးယော့ခ်မြို့ထိန်းသိမ်းရေးစခန်းအပြင်ဘက်တွင် စုဝေးခဲ့ကြကြောင်း သိရသည်။ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းတွင်မူ ဗင်နီဇွဲလားလူမျိုးများက အမေရိကန်တပ်ဖွဲ့များက မာဒူရိုအား ဖမ်းဆီးခဲ့ခြင်းကို အောင်ပွဲခံခဲ့ကြသည်။
Ref : New York Times
