၂၆. ၁၂. ၂၀၂၅
MT News Editirial
စစ်ဘေးသင့် မြန်မာနိုင်ငံအဖို့ သမိုင်းဝင် အလှည့်အပြောင်းတစ်ခု ထပ်မံဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်သာ လိုပါတော့သည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံးသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးခွင့်ရမည့် အဆုံးအဖြတ်ပေးရမည့် သေရေးရှင်ရေးတမျှ အရေးကြီးလှသော အချိန်သို့ ရောက်ရှိလာပြီလည်း ဖြစ်သည်။
သို့သော် တစ်ဖက်တွင်လည်း NUG အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများက ရွေးကောက်ပွဲကို သပိတ်မှောက်ရန်နှင့် မဲမပေးရန် တိုက်တွန်းနှိုးဆော်မှုများ ရှိနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။ ဤသည်မှာ ပြည်သူ့လက်ထဲမှ အာဏာကို ပြည်သူကိုယ်တိုင် စွန့်လွှတ်စေရန် အကြမ်းဖက်သမားများက လှည့်ဖြားနေခြင်းသာ ဖြစ်သည်။
ဤနေရာတွင် အမေရိကန်သမ္မတဟောင်း ဖရန်ကလင် ဒီ ရုစဗဲ့ (Franklin D. Roosevelt) ပြောခဲ့သည့် “ဘယ်သူကမှ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို မဖျက်ဆီးနိုင်ပါဘူး။ ပြည်သူတွေ ကိုယ်တိုင် မဲမပေးဘဲ နေမှသာ အဲဒီအခွင့်အရေးဟာ ဆုံးရှုံးသွားမှာပါ (Nobody will ever deprive the people of the right to vote except the people themselves and the only way they could do this is by not voting)” ဆိုသည့် စကားကို အထူးသတိပြုရန် လိုအပ်ပါသည်။ မြန်မာပြည်သူတို့၏ မဲပေးပိုင်ခွင့်ကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ လုယူဖျက်ဆီး၍ မရနိုင်ပါ။ ထိုအခွင့်အရေးကို ဖျက်ဆီးနိုင်သူမှာ ပြည်သူကိုယ်တိုင်သာ ဖြစ်ပြီး၊ မဲမပေးဘဲ နေခြင်းဖြင့် မိမိတို့၏ အခွင့်အရေးကို မိမိတို့ဘာသာ ရိုက်ချိုးဖျက်ဆီးကာ မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ယနေ့မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည်မှာ ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်သော စစ်မီးနှင့် ပဋိပက္ခများဖြစ်သည်။ အကယ်၍ ယခုရွေးကောက်ပွဲတွင် ပြည်သူတို့က ပါဝင်ဆောင်ရွက်ခြင်း မပြုဘဲ ငြိမ်သက်နေမည်ဆိုပါက၊ ထိုကွက်လပ်ကို မလိုလားအပ်သော အင်အားစုများက အလွယ်တကူ ဝင်ရောက်နေရာယူသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံသည် နောက်ထပ် အနှစ် ၂၀ ကျော်ကြာ စစ်ပွဲများအောက်တွင် ဆက်လက်နစ်မွန်းသွားရမည့် အန္တရာယ်ရှိနေသည်။ ထို့အပြင် မဲမပေးဘဲ နေခြင်းသည် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် သတ်ဖြတ်လိုက်ခြင်း ဖြစ်ပြီး၊ မိမိတို့၏ သားသမီးများကို စစ်မီးလျှံထဲသို့ ရက်ရက်စက်စက် ထပ်မံ တွန်းပို့လိုက်ခြင်းပင် ဖြစ်သည်။
အိုင်ယာလန် နိုင်ငံရေးသမား အက်ဒ်မန် ဘတ်ခ် (Edmund Burke) ပြောကြားခဲ့သည့် “မကောင်းမှုတွေ အောင်နိုင်သွားဖို့အတွက် အချက်တစ်ချက်ပဲ လိုပါတယ်။ အဲဒါကတော့ လူကောင်းတွေ ဘာမှမလုပ်ဘဲ ငြိမ်နေကြဖို့ပါပဲ” (The only thing necessary for the triumph of evil is for good men to do nothing) ဆိုသည့် စကားသည် ယနေ့အချိန်အခါနှင့် အကိုက်ညီဆုံး ဖြစ်နေသည်။ လူကောင်းများ ဘာမှမလုပ်ဘဲ မဲမပေးဘဲ ငြိမ်နေခြင်းသည် မကောင်းမှုများ အောင်ပွဲခံရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်ကာ တိုင်းပြည် ပျက်သုဉ်းစေရန် ကြံရာပါ လုပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး မကောင်းမှုနှင့် အမှောင်ထုသည် ကျွန်ုပ်တို့၏ အနာဂတ်ကို အလွယ်တကူ ဝါးမြိုသွားမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သာမန်မဲပေးပွဲတစ်ခု မဟုတ်ဘဲ စစ်ပွဲများကို အဆုံးသတ်ရန်၊ စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်ရန်နှင့် မိမိတို့၏ သားသမီးမြေးမြစ်များအတွက် တည်ငြိမ်သော အနာဂတ်တစ်ခုကို တည်ဆောက်ရန်အပြင် လူထုအာဏာ ပြန်လည်ရယူရန် ရရှိလာသည့် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ပါသည်။ မိမိတို့၏ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် မဖျက်ဆီးဘဲ၊ မကောင်းမှုများ အောင်ပွဲမခံနိုင်စေရန်နှင့် နှစ်ဖက်လက်နက်ကိုင်တို့အကြား မြေစာပင်များအဖြစ် ဆယ်စုနှစ်များစွာကြာအောင် ပိတ်မိမသွားစေရန်အတွက် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအပေါင်းက မဲရုံများသို့ သွားရောက်ကာ မဲပေးကြပါရန်လည်း MT News က လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။
