NDF ပါတီ၏ CEC အစည်းအဝေးမြင်ကွင်းတစ်ခု
MT News
Written by Peya
လာမည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ရွေးကောက်ပွဲဝင်နိုင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ကနဦးစီစဉ်ထားသည်ဟု အဆိုပါ ပါတီမှ ဒုတိယဥက္ကဋ္ဌ (၃) ဦးကြီးမြင့်က MT News သတင်းဌာနသို့ ပြောသည်။
အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေဖြင့် ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် မှတ်ပုံတင်ရေး ပြင်ဆင်ရေး ကော်မတီကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွဲ့စည်းထားကြောင်း အဆိုပါ ပါတီက ထုတ်ပြန်ထားသည်။
“ရန်ကုန်ဌာနချုပ် CEC အနေနဲ့ကတော့ တစ်ပြည်လုံး အဆင့် ရွေးကောက်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်က နဝမအကြိမ်မြောက် ဗဟိုကော်မတီဝင်များ အစည်းအဝေးနေ့က တိုက်ဆိုင်နေတယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာ အစည်းအဝေး ရှိပါတယ်။ အဲဒီ အစည်းအဝေးမှာ အတည်ပြုပြီးတော့မှ အဖြေပြောလို့ ရမယ့် အခြေအနေ ရှိပါတယ်” ဟု ဦးကြီးမြင့်က ပြောသည်။
ရွေးကောက်ပွဲဥပဒေသစ်တွင် ပါတီဝင်အင်အားနှင့် ပါတီ ရန်ပုံငွေ တိုးမြှင့်သတ်မှတ်လိုက်သည့်အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဗဟိုကော်မတီဝင်များက အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ က ပြည်ထောင်စုအဆင့်ကို မျှော်လင့်ကြတယ်။ ပြည်ထောင်စုအဆင့်ကို သွားတဲ့အခါ နည်းလမ်းက သုံးသွယ်ရှိတယ်။ ပါတီအနေနဲ့ တိုင်းနဲ့ ပြည်နယ် ကိုယ်စားလှယ်တွေရဲ့ စည်းရုံးရေးအားနဲ့ ကိုယ့်ဘာသာကိုယ်ပဲ သွားမလား။ သို့တည်းမဟုတ် သာမန်မဟုတ်သောအခြေအနေ ဖြစ်နေတဲ့အချိန်မှာ လုပ်ရကိုင်ရတာ အချိန်အကန့်အသတ်ရ မလောက်တာရှိတော့ ညွန့်ပေါင်း ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလား။ ဒါမှမဟုတ် ဒေသတွေ ခွဲကစားမလားပေါ့” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အတွင်းရေးမှူး (၃) ဦးကျော်ထက်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးခင်မောင်ဆွေသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် ယခုအခါ အကြံပေးအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ယူထားသည်။
