SAC တပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေစဥ် (Photo-Cobra Column)

MT news

Written by Nay Moe

တပ်မ ၄၄ လက်အောက်ခံတိုက်ခိုက်ရေးတပ်ရင်းများနှင့် KNLA ပူးပေါင်းတပ်ရင်းများ အချိန်ကြာမြှင့်စွာ တိုက်ပွဲဖြစ်ပွားနေပြီး လခရတစ်ဦးကျဆုံးသည်ဟု ကော်ဘရာပူးပေါင်းစစ်ကြောင်းက အောက်တိုဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၆ ရက် တွင် ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ အတွင်းရှိ လူခို့ နေရာသို့ စစ်ကြောင်းထိုးလာသော SAC ၏ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့နှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိခဲ့သည်။

မြဝတီ – ဝေါ်လေကားလမ်းမပေါ်ရှိ မြွေသုံးကောင် ကုန်းနှင့် ဖလူးစခန်းတွင် အခြေပြုထားသော လခရတပ်များမှ (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ကူပေး ပစ်ခတ်ခဲ့ကာ အောက်တိုဘာ ၆ ရက် မနက် ၉ နာရီခန့်မှ ၁၀ နာရီခွဲခန့် အထိလည်းကောင်း၊ နေ့လည် ၃ နာရီခန့်မှ ည ၇ နာရီခွဲအထိ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိခဲ့သည်။

စစ်ကြောင်းထိုးလာသော SAC တပ်များအား လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ခြေမှုန်းရေး စစ်သည်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လခရ ၁ ဦး (စိုးရိမ်ရ) ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထပ်မံ ထိခိုက် သေဆုံးမှုအား စီစစ်ဆဲ ဖြစ်ပြီး တိုက်ပွဲစဉ်များအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ထို့အတူ တောင်နီး ကျေးရွာအနီးရှိ SAC ၏ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) မှ အောက်တိုဘာ ၆ ရက် နေ့လည်ပိုင်းတွင် လက်ဖြောင့် စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လခရ ၁ ဦး ဆုံးပါးကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်ရရှိပြီး တောင်နီးဘက်အခြမ်းရှိ ပူးပေါင်း တပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *